တောင်တွင်းကြီး ဒီဇင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပန်းသွင်းကြီး ကျေးရွာအုပ်စု၊ ပန်းသွင်းကြီး ကျေးရွာတွင် လျှပ်စစ် မီးလင်းရေး ဖွင့်ပွဲကို ယမန်နေ့ ညနေ ၅ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။
လျှပ်စစ်မီးလင်းရေးဖွင့်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်းက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦး၀င်းကိုက လျှပ်စစ်မီးကို အန္တရာယ် ကင်းစွာ အသုံးပြုနိုင်ရေး အသိပညာပေးပြောကြားသည်။ ဆက်လက်၍ ကျေးရွာမီးလင်းရေး ကော်မတီတာ၀န်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး မြို့နယ် လျှပ်စစ် အင်ဂျင်နီယာနှင့် ၀န်ထမ်းများက လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး လက်ကမ်း စာစောင် (၁၀၀) စောင်အား ပြည်သူများလက်၀ယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပန်းသွင်းကြီးကျေးရွာတွင် 100 KVA ထရမ်စဖော်မာ(၁)လုံးတပ်ဆင်ခြင်းဖြစ်ပြီး အိမ်ထောင်စု (၄၀) အား လျှပ်စစ်မီးဖြန့်ဝေ ပေးနိုင်တော့ မည်ဖြစ်သည်။
အဆိုပါ ကျေးရွာမီးလင်းရေးဖွင့်ပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်း၊ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦး၀င်းကိုနှင့် ဝန်ထမ်းများ၊ ကုမ္ပဏီတာဝန်ရှိသူများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာမီးလင်းရေးကော်မတီဝင်များ၊ ရပ်မိ/ရပ်ဖများ တက်ရောက်ခဲ့ကြပြီး ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)