ရေတာရှည် သြဂုတ် ၄
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်တွင် မိုးစပါးစိုက်ပျိုးထားကြသော တောင်သူများအနေဖြင့် ရက်ပေါင်း ၂၀ ကြာ မိုးရွာ သွန်းခြင်း မရှိသည့်အတွက် လယ်အများစုမှာ မြေများပတ်ကြားကွဲကာ ပေါင်းနုတ်ခြင်း၊ စပါးပင်လက်ကြားခွဲခြင်း၊ မြေသြဇာ ကြဲပက်ခြင်းတို့ ဆောင်ရွက်နိုင်ခြင်းမရှိဖြစ်ကာ အခက်အခဲများဖြင့် ကြုံတွေ့နေခဲ့ကြသည်။ သြဂုတ်လ ၂ ရက်နေ့ ညပိုင်းမှစ၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် စမိုးချောင်း ရေလျှံကာ တာဘောင်ကျိုးပေါက်၍ မိုးစပါးခင်း ဧက ၆၀ ကျော် ရေလွှမ်းမှု ဖြစ်ပွားခဲ့သော်လည်း လယ်အများစုမှာ ရေမရှိသော စပါးခင်းများအတွင်း ရေများဝင်ရောက် လာပြီဖြစ်သောကြောင့် တောင်သူများ အနေဖြင့် လယ်ယာလုပ်ငန်းများကို တက်ကြွပျော်ရွှင်စွာ လုပ်ကိုင် နေကြကြောင်း တွေ့ရသည်။
“စပါးခင်းတွေ ရေမရှိတော့ ပေါင်းလဲနုတ်မရ၊ လက်ကြားခွဲလို့ကလဲမရ၊ မြေသြဇာကြဲရမဲ့ရက်တွေတောင် လွန်ကုန်ပြီဆိုတော့ မရှိတာရှိတာအပထား စက်တွေဝယ် ရေတင်ရတော့တာပဲ တောင်သူတွေအခြေ အနေမကောင်း ဖြစ်နေတယ်ထင်လို့ အချို့ဆိုင် တွေဆို ဓာတ်မြေသြဇာတောင် အကြွေးမရောင်းတော့ဘူး” ဟု ကုန်းကြီးအုပ်စု၊ အင်ကြင်းကုန်းကျေးရွာနေ တောင်သူ ဦးရွှေသီး က ပြောကြားသည်။
စပါးစိုက်ပျိုးသည့် တောင်သူအများစုမှာ လယ်ယာလုပ်သားရှားပါးမှု၊ ကုန်ကျစရိတ်မြင့်မားမှုတို့အပြင် သွင်းအားစုများဖြစ်သော ဓာတ်မြေ၊ မျိုးစပါး၊ ထွန်ယက်စရိတ်၊ ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေး အစရှိသည့် ကုန်ကျစရိတ်များလည်းရှိနေရာ အကုန်အကျ သက်သာသော အခြောက်ထယ်ရေးဖြင့် ကြဲပက်ခြင်း ကိုသာ ရွေးချယ်စိုက်ပျိုးကြခြင်းဖြစ်သည်။ ဝါဆိုလပြည့်နေ့ မတိုင်မီ ညလုံးပေါက် ရွာသွန်းသည့် မိုးကြောင့် ရေအင်မတန်လိုအပ်နေသည့် တောင်သူများအတွက် များစွာအကျိုးရှိခဲ့ပြီး အဆိုပါမိုး ကြောင့် စပါးခင်းများအတွင်း ရေများဝင်ရောက်ခဲ့သဖြင့် မြေသြဇာကြဲပက်ခြင်း၊ စပါးပင်လက်ကြားခွဲ၍ ပြန်လည်ဖာထေး စိုက်ပျိုးခြင်းနှင့် အောက်ခြေ မြေသမန်းနူးသွားပြီဖြစ်၍ ပေါင်းမြက်များကို နေ့စားလုပ်သားများ ငှားရမ်းကာ လုပ်ကိုင်ကြပြီ ဖြစ်သည်။
ဆု(ပြန်/ဆက်)