စစ်ကိုင်းမြို့နယ်အတွင်း မိုးသီးနှံ၊ ဆောင်းသီးနှံ စိုက်ပျိုးတောင်သူများသို့ သဘာဝပိုးပြေးဆေး ပြုလုပ်သုံးစွဲနည်း လက်တွေ့သရုပ်ပြ

စစ်ကိုင်း ဒီဇင်ဘာ ၂၄

စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဉီးစီးဌာနအစီအစဉ်ဖြင့် တဲကြီးမြို့မနည်းပညာပြန့်ပွားရေးစင်တာ များမှ တာဝန်ခံများနှင့် စိုက်ပညာရှင် ဝန်ထမ်းများသည် ယမန်နေ့၊ နံနက်ပိုင်းက ဗြဲတရော်ကျေးရွာ တောင်သူ ဦးစိုးကြီးနေအိမ်အတွင်း သဘာဝပိုးပြေးဆေး ပြုလုပ်သုံးစွဲနည်းများကို လက်တွေ့သရုပ်ပြသ ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။

သဘာဝပိုးပြေးဆေး ပြုလုပ်ရာတွင် EM ဖျော်ရည်အပြင်း(၂)လီတာ၊ သကာရည်(သို့)ထန်းလျက် ရည်(၅)လီတာ၊ ဆေးရွက်ကြီး(၁)ပိဿာ၊ ငရုပ်သီးစိမ်းအစို(၁)ပိဿာ၊ ဂျင်း(၁)ပိဿာ၊ ကြက်သွန်ဖြူ(၁)ပိ ဿာ၊ တမာရွက်(၁)ပိဿာ၊ ဒုတ္ထာ(၂၅)ကျပ်သား တို့ပါဝင်ပြီး ဆေးဖော်စပ်ပုံ အဆင့်ဆင့်တို့ကို လက်တွေ့ ပြသပေးခဲ့ပြီး သုံးစွဲရာတွင် မည်သည့်သီးနှံမဆို ဖျော်ရည်(၁)ဆ၊ ရေ(၁၀)ဆ၊ (သို့မဟုတ်) ဆေးဖျန်းပုံး တစ်ပုံးလျှင် နို့ဆီဗူး(၁)ဗူးနှုန်း ရောစပ်၍ တစ်ပတ်လျှင်(၁)ကြိမ်၊ (၂)ကြိမ် ပုံမှန်အရွက်ထွက်သည်မှ ရင့်မှည့်ချိန်အထိ ပတ်ဖျန်းပေးလျှင် ပိုးမွှားရောဂါများ ကင်းဝေးကာ သီးနှံများထွက်နှုန်း ကောင်းလာမှာ ဖြစ် ကြောင်း တဲကြီးမြို့မနည်းပညာပြန့်ပွားရေးစင်တာမှ တာဝန်ခံတစ်ဦးက ပြောပြ၍သိရသည်။

ဆက်လက်၍ အဆိုပါအဖွဲ့သည် နယ်မြေအတွင်း ဆောင်းသီးနှံစိုက်ခင်းများသို့ သွားရောက်၍ တောင်သူများနှင့်တွေ့ဆုံကာ သဘာဝမြေးဆွေးပုံ ပြုလုပ်သုံးစွဲနည်းနှင့် သုံးစွဲကာရရှိလာမည့် အကျိုး ကျေးဇူးများကိုလည်း ဆွေးနွေးပေးခဲ့ကြပြီး စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မိုးသီးနှံ၊ ဆောင်းသီးနှံ စိုက်ပျိုးတောင်သူများအား စိုက်ပျိုးရေးအခက်အခဲများ ရှိပါကသက်ဆိုင်ရာ နည်းပညာပြန့်ပွားရေး စင်တာများနှင့် ချိတ်ဆက်၍ အချိန်နှင့်တစ်ပြေးညီ ဆွေးနွေး မေးမြန်းနိုင် ကြောင်းလည်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံးမှသိရသည်။

ဇော်မြင့်နိုင်