တွံတေးတူးမြောင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း သဘာဝပတ်ဝန်းကျင်နှင့် လူမှု ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်လေ့လာခြင်း အကြောင်းရှင်းလင်း

တွံတေး ဒီဇင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊တွံတေးမြို့နယ်ရှိ တွံတေးတူးမြောင်း ဖွံဖြိုးတိုးတက်ရေး လုပ်ငန်း စီမံကိန်း၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်လေ့လာခြင်း ရှင်းလင်းပွဲ ကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ တော်ဝင်စန္ဒကူး ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှင်းလင်းပွဲတွင် တွံတေးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က အဖွင့် အမှာစကား ပြောကြားပြီး မြစ်ချောင်းများဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်လွင်က လုပ်ငန်းများဆိုင်ရာ လျာထားခြင်းနှင့် အသေးစိတ် ဒီဇိုင်းများနှင့် နေရာများ ရှင်းလင်းတင်ပြရာတွင် စီမံကိန်း၏ ပတ်ဝန်းကျင်နှင့် လူမှုရေးရာသက်ရောက်မှုများအား ခန့်မှန်းလေ့လာရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့်ကောင်းမွန်သော စီမံခန့်ခွဲမှုဖြင့် စီမံကိန်းကို အကောင်အထည်ဖော်ရေး မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေများနှင့် ကိုရီးယားEDCF Safeguard Policy  များ၊ စီမံကိန်းဧရိယာ Phase-1 ရန်ကုန်တိုင်းဒေသကြီး၊ စီမံကိန်း ကာလ(၁၂)လ၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း၊ လေ့လာရန်အတွက် တိုက်ရိုက်ထိခိုက်နိုင်မှု ရှိသော နယ်ပယ် (သို့) သွယ်ဝိုက်သက်ရောက်နိုင်မှုရှိသော နယ်ပယ်များ ဆောင်ရွက် ပြီးစီးမှုများ ကို ပြောကြားခဲ့သည်။

ဆက်လက်၍ မြစ်ချောင်းများဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန့်ကြားရေးမှူး ဦးအောင်မျိုးခိုင်က တိုင်းဒေသကြီးအစိုးရ၏ ပံ့ပိုးဆောင်ရွက်မည့်အစီအစဉ်များ ရှင်းလင်းကာ REM Company ဒါရိုက်တာ ဦးကျော်ဇင်ဝင်းမှ စီမံကိန်းသက်ရောက်မည့်နေရာများတွင် အသေးစိတ် စစ်တမ်း ကောက်ယူမည့် အစီအစဥ်များအကြောင်းရှင်းလင်းတင်ပြခဲ့ကြောင်းသိရှိရသည်။

ယင်းနောက်တက်ရောက်လာကြသောဒေသခံများက မိမိတို့သိရှိလိုသည်များမေးမြန်းကြရာ တာဝန်ရှိသူ အသီးသီးက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ကုမ္ပဏီမှ တာဝန်ရှိသူနှင့် ဝန်ထမ်းများ၊ ရန်ကုန်ပေါက်ပိတ်စွယ်၊ ပျော်ဘွယ်လေးနှင့် ကုလားတန်း ကျေးရွာများမှ ဒေသခံပြည်သူများတက်ရောက်ခဲ့ကြောင်းသိရှိရသည်။

မျိုးလှိုင်(တွံတေး)