GAP စနစ်ဖြင့် ရွှေဘိုပေါ်ဆန်း ဧက (၄၀၀၀) ကို တစ်ဆက်တစ်စပ်တည်း စိုက်ပျိုး ထုတ်လုပ်

မုံရွာ ဒီဇင်ဘာ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် သရက်ကန်ကျေးရွာအုပ်စု၌ စိုက်ပျိုး ရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) အထူးဇုန်အဖြစ် ဖော်ဆောင်ကာ ရွှေဘို ပေါ်ဆန်းစပါးမျိုး ဧက(၄၀၀၀)ကို ဖော်ဆောင်စိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းလျက် ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

 “ပုံမှန်စိုက်တဲ့သီးနှံနဲ့ GAP စနစ်နဲ့ စိုက်တဲ့သီးနှံတွေရဲ့ အရည်အသွေးတွေ၊ ဈေးကွက်တွေကို တောင်သူ လယ်သမားတွေ ကိုယ်တိုင်သိရှိပြီး GAP စနစ်ကို အလုံးစုံလိုက်ပါ စိုက်ပျိုးနိုင်ရေး လုပ်ဆောင်ပေးတာ ဖြစ်တယ်၊ ဒီစိုက်နည်းစနစ်ကို ပြောင်းလဲဖို့ လိုအပ်တဲ့ စိုက်နည်းစနစ် တွေ၊ လိုအပ်တဲ့ အထွက်နှုန်းကောင်း မျိုးတွေ၊ စိုက်ခင်းတွေ ပြင်ဆင်မှုအပိုင်းတွေကို စိုက်ပျိုးရေး ဦးစီးဌာနမှာရှိတဲ့ ဝန်ထမ်းတွေက စိုက်ခင်းထဲအရောက် လိုက်ပြီး အသိပညာ ပေးတာတွေ လုပ်ဆောင်ပေးနေပြီ ဖြစ်ပါတယ် ” ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးက ပြောသည်။

ဒီပဲယင်းမြို့နယ် သရက်ကန်ကျေးရွာအုပ်စုတွင် တည်ထောင်လုပ်ကိုင်လျက်ရှိသော စိုက်ပျိုး ရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) အထူးဇုန်၌ ရွှေဘိုပေါ်ဆန်းစပါးမျိုးကို တောင်သူ (၈၉၄) ဦးပိုင်စိုက်ဧက (၄၀၀၀) ကို၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မိုးစပါး စိုက်ပျိုး ရာသီတွင် တစ်ကွင်းတစ်စပ်တည်း တည်ထောင် စိုက်ပျိုးထားခြင်း ဖြစ်ပြီး Farm Record  များထည့်သွင်းခြင်း၊ Group Certeficate လျောက်ထားနိုင်ရေးအတွက် မှတ်တမ်း ရေးသွင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)