သာကေတ ဒီဇင်ဘာ ၂၄
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်တွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၇) ကျောင်းရှိသည့် အနက် အထက်တန်းအဆင့် မှန်ကင်းဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် နတ်မောက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို ယမန်နေ့ မွန်းလွဲ(၁)နာရီ၌ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးနေဝါ ဦးဆောင်၍ မြို့နယ်ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီတွင် ပါဝင်သော မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အလုပ်သမားနှင့်လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးဌာနမှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး ကာလ၌ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဖွင့်လှစ်မှုရှိ/မရှိ၊ ဘုန်းတော်ကြီး ပညာသင်ကျောင်းတည်ထောင်ခွင့်ပြုမိန့် ရှိ/မရှိစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါစစ်ဆေးဆောင်ရွက်ခဲ့သည့် ရှုခင်းသာရပ်ကွက်၊ နတ်မောက်ဘုန်းတော်ကြီး သင်ပညာ ရေးကျောင်း၌ ကျောင်းအိပ်၊ ကျောင်းစား စာသင်သားသံဃာတော်(၁၇၆)ပါးနှင့် စာသင်ကြား ပေးသော ဆရာ၊ ဆရာမ(၂၂)ဦး ရှိပြီး၊ (၁၀)တောင်ရပ်ကွက်၊ မှန်ကင်းဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ကျောင်းအိပ်၊ ကျောင်းစား စာသင်သား သံဃာတော်(၁၃၈)ပါးနှင့် စာသင်ကြားပေးသောဆရာ၊ ဆရာမ(၄၀)ဦးခန့်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဖွင့်လှစ်ထားရှိ ကြောင်း သိရှိရသည်။
ကိုဘုန်း(ပြန်ဆက်)