သားငါး ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်များကို ရန်ကင်းမြို့နယ်အတွင်း သက်သာသော ဈေးနှုန်းဖြင့် လိုက်လံရောင်းချပေး

ရန်ကင်း ဒီဇင်ဘာ ၂၄

ရန်ကင်းမြို့နယ်နေပြည်သူများ သားငါး၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်များကို ဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူရရှိစေနိုင်ရန်၊ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုမှ အထိုက်အလျောက် ကာကွယ်နိုင် ရန်နှင့် သန့်ရှင်းလတ်ဆတ်သော စားသောက်ကုန်များကို မိမိတို့ရပ်ကွက်အတွင်း ဝယ်ယူရရှိစေနိုင်ရန် ရည်ရွယ်၍ ယနေ့ နံနက် ၇ နာရီက ရွေ့လျားယာဉ်ဖြင့် မြို့နယ်အတွင်း လိုက်လံရောင်းချပေးခဲ့သည်။

ယခုလို ရောင်းချခြင်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တို့မှ ကြီးမှူး၍ ညီနောင်လုပ်ငန်းရှင် အသင်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်များ၊ အိမ်ရာများ၊ ဈေးနှင့်ဝေးသော နေရာများတွင် ရွေ့လျားယာဉ်ဖြင့် လိုက်လံရောင်းချပေးခဲ့ခြင်း ဖြစ်ပြီး ရန်ကင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က သတ်မှတ်စည်းကမ်းများ နှင့်အညီ စနစ်တကျ ရောင်းချပေးနိုင်ရေး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့သည်။

ရန်ကင်းမြို့နယ်တွင် စျေးကားများဖြင့် လာရောက်ရောင်းချပေးခြင်းကို အောက်တိုဘာလ ၂၆ ရက်နေ့မှ စတင်ခဲ့ကာ ယနေ့တွင်  ကံဘဲ့စည်ပင်ဝန်ထမ်းအိမ်ရာဝင်း၊ အမှတ်()ရပ်ကွက် ရန်အေးလမ်း ရွှေအုန်းပင် အိမ်ရာနှင့် အမှတ်(၁၃)ရပ်ကွက် သစ္စာလမ်းမတို့တွင် လိုက်လံ ရောင်းချပေးခဲ့ပြီး အပတ်စဉ်တိုင်း ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

လင်းလင်းထွန်း(ပြန်/ဆက်)