ဒုတိယအကြိမ်မြောက်ကယားပြည်နယ်လွှတ်တော် (၁၉)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ဒုတိယနေ့) ဆောင်ရွက်

လွိုင်ကော်     ဒီဇင်ဘာ  ၂၄

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်(၁၉)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို ယနေ့နံနက် (၁၀:၀၀)က ကယားပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၁၃)ဦး၊ တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၃)ဦး၊ ဗမာတိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်(၁)ဦး၊ စုစုပေါင်း (၁၇)ဦးတက်ရောက်ခဲ့သည်။

ဆက်လက်၍ ‌‌မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်းအစီအစဉ်တွင် မယ်စဲမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးအောင်နိုင်ဦး၏ “ကယားပြည်နယ်အတွင်းဓါတ်မြေသြဇာရောင်းချမှုများနှင့် ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့မှ မည်ကဲ့သို့ စီမံဆောင်ရွက်နေသည်ကို သိရှိလိုခြင်း” မေးခွန်းနှင့် “ကယားပြည်နယ်လွိုင်ကော်မြို့အတွင်းရှိ ဖြတ်သန်းစီးဆင်းလျက်ရှိသော ဘီလူးချောင်းရေရှည်တည်တံ့ သာယာ လှပစေရေးအတွက် စီမံခန့်ခွဲမှုကိုမည်သည့်စံချိန်စံညွှန်းများဖြင့် ထိန်းသိမ်းဆောင်ရွက်သွားမည်ကို သိရှိလိုခြင်း” မေးခွန်းတို့အားမေးမြန်းရာ သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

ဆက်လက်ပြီး “ကယားပြည်နယ်၊ မယ်စဲမြို့နယ်၊ ခုံးန်ဟန့်စံပြကျေးရွာ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းအဆို” နှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက အကြံပြုဆွေးနွေးရန် အမည်စာရင်းတင်သွင်း နိုင်ကြောင်း ကြေညာခဲ့သော်လည်း အမည်စာရင်းတင်သွင်းထားခြင်းမရှိသည့်အတွက် ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူဆောင်ရွက်ခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက သဘောတူသည့်အတွက် ၎င်း အဆိုအား ပြည်နယ်လွှတ်တော်တွင် အတည်ပြုကြောင်း ကြေညာခဲ့သည်။

၎င်းနောက်“၂၀၂၀ ပြည့်နှစ်၊ ကယားပြည်နယ်စည်ပင်သာယာရေးဥပဒေကြမ်း”နှင့် စပ်လျဉ်း၍ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များက အကြံပြုဆွေးနွေးရန်အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခဲ့ သော်လည်း အမည်စာရင်းတင်သွင်းထားခြင်း မရှိသည့်အတွက် ဤဥပဒေကြမ်းကို ဥပဒေပြုရေးဆိုင်ရာ ကော်မတီ၏စိစစ်ချက် အစီရင်ခံစာနှင့်အညီ ပြည်နယ်လွှတ်တော်တွင်‌အတည်ပြု‌ကြောင်း ကြေညာခဲ့သည်။

စိုးလှိုင်ဌေး(ပြန်/ဆက်)