လမ်းမတော် ဒီဇင်ဘာ ၂၄
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အဖွဲ့ဝင် (၁၅) နိုင်ငံမှ RCEP စီးပွားရေးဝန်ကြီးများမှ နိုင်ငံ့ခေါင်းဆောင်များ ရှေ့တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသော ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးစာချုပ်ဖြစ်သည့်ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership – RCEP) သဘောတူစာချုပ်အား အကောင်အထည် ဖော် နိုင်ရေးနှင့်စပ်လျဉ်း၍ အစိုးရ-ပုဂ္ဂလိက ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ယမန်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည့် RCEP သဘောတူစာချုပ်အား ပဏာမတင်ပြ ဆွေးနွေးခြင်းနှင့် ယင်းသဘောတူစာချုပ်ပါ ပြဋ္ဌာန်းချက်များကို ပုဂ္ဂလိကကဏ္ဍသို့ ရှင်းလင်း ဆွေးနွေးခြင်း အစီအစဉ်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်မှ ဆွေးနွေး တင်ပြခဲ့ပြီး ရှင်းလင်းဆွေးနွေးခဲ့သည့် အကြောင်းအရာများနှင့်စပ်လျဉ်း၍ အမေး အဖြေ အစီအစဉ်လည်း ပါဝင်ခဲ့ကာ အသင်းချုပ် ဒုတိယဥက္ကဋ္ဌများနှင့် တွဲဖက်အထွေထွေ အတွင်းရေးမှူးများမှ ပြန် လည်ဆွေးနွေးခဲ့ကြသည်။
ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု RCEP သဘောတူစာချုပ်သည် အာဆီယံ အဖွဲ့ဝင် (၁၀) နိုင်ငံနှင့် ဆွေးနွေးဖက် ငါးနိုင်ငံဖြစ်သော တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ဩစတြေးလျနှင့် နယူးဇီလန်နိုင်ငံများ ပါဝင်စေ့စပ်ညှိနှိုင်းခဲ့သည့် လွတ်လပ်သော ကုန်သွယ်မှု ဒေသထူထောင်ရေး သဘောတူစာချုပ် ဖြစ်သည်။
ဆွေးနွေးပွဲတွင် ယင်းသဘောတူစာချုပ်၏ သမိုင်းကြောင်း၊ နောက်ခံအကြောင်းအရာ၊ မြန်မာ နိုင်ငံမှရရှိမည့် အကျိုးကျေးဇူးနှင့်အခွင့်အလမ်းများ၊ ပုဂ္ဂလိကကဏ္ဍမှ သိရှိစေလိုသည့် အကြောင်းအရာများနှင့်စပ်လျဉ်း၍ ဦးသန်းအောင်ကျော်မှ ရှင်းလင်းဆွေးနွေးခဲ့ပြီး အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် ဒုတိယဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူးချုပ်၊ တွဲဖက်အထွေထွေ အတွင်းရေးမှူးများ၊ အမှုဆောင်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ကုန်သည် စက်မှု အသင်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နယ်စပ်ကုန်သွယ်ရေးအသင်းများနှင့် ညီနောင်အသင်း အဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များ စုစုပေါင်း (၆၀) ကျော် တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိသည်။
ကျော်ဆန်းမြင့်