ဒဂုံမြို့သစ်(အရှေ့ပိုင်း) ဒီဇင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ မီးဘေးအန္တရာယ် လျော့နည်းစေရန်နှင့် ပြည်သူများ၏ အသက်အိုးအိမ်များ ပျက်စီးဆုံးရှုံးမှုမရှိစေရေး မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသံချဲ့စက်များဖြင့် အသိပညာပေးခြင်း များကို ယမန်နေ့ ည ၇ နာရီက မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ကားဖြင့် ရပ်ကွက်/ကျေးရွာများ သို့ လိုက်လံအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မီးဘေးအန္တရာယ် အသိပညာပေး နှိုးဆော်ခြင်းများကို မြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင် ဦးဆောင်သော မီးသတ် တပ်ဖွဲ့ဝင် များက နိုင်ငံတော်ပိုင် စက်ရုံ၊ အလုပ်ရုံများ အဆောက်အဦများနှင့် ပြည်သူများ၏ အသက် အိုးအိမ်စည်းစိမ်ဥစ္စာများ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေ ရန်နှင့် နေအိမ် အဆောက်အဦတိုင်းတွင် ခိုင်ခန့်သော မီးချိတ်မီးကပ်များ၊ သဲအိတ်များ၊ ရေပုံးများ၊ မီးသတ် ဆေးဘူးများ ထားရှိရန်နှင့် မီးသုံးစွဲရာတွင်လည်း မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အစဉ်သတိပြုပြီး စနစ်တကျ သုံးစွဲကြစေရေး အသိပညာပေး ကြေညာခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်စေရေးအတွက် မြို့နယ် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် မြို့ပေါ်ရပ်ကွက်များ စက်ရုံ၊ အလုပ်ရုံများ နှင့် ကျေးရွာများ၌ ကွင်းဆင်းကာ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းများကို အပတ်စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)