ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်မှု အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်

ဒဂုံမြို့သစ်(အရှေ့ပိုင်း) ဒီဇင်ဘာ ၂၄

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ထိန်းချုပ်နိုင်ရန် မြို့နယ်အတွင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး မြို့နယ် ကိုဗစ်-၁၉ အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များ၏  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပ ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထိုက်က "မိမိတို့မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေးနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်များအား အချိန်နှင့်တစ်ပြေးညီ ပြန်လည်ချပြခြင်းဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုမှ ထိန်းချုပ်နိုင်ရန် လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်ရာတွင် ကူးစက်မှုမှာ လျော့နည်းလာကြောင်း၊ ရောဂါဖြစ်ပွားမှု လုံးဝကင်းရှင်းသွားပါက Stay At Home မြို့နယ်အဖြစ်မှ လျော့ချနိုင်မည်ဖြစ်ကြောင်း၊ အချို့မြို့နယ်များတွင် Stay At Home မှ ကင်းလွတ်ခွင့်ကို တင်ပြလာသည်များရှိကြောင်း၊ မိမိတို့ မြို့နယ်တွင်လည်း ကင်းလွတ်ခွင့်ရရန် ရပ်ကွက်အလိုက် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ဆောင်ရွက် သွားရန်လိုကြောင်း၊ မိမိတို့ မြို့နယ်အတွင်း ရောဂါအဖြစ်အများဆုံး၊ အနည်းဆုံးနှင့် အဝင်အထွက်များ စစ်ဆေးဆောင် ရွက်ပြီး အပြိုင်အဆိုင် ထိန်းချုပ်နိုင်သည့်စနစ်ဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ Mask Campaign နှင့် စစ်ဆေးမှုများအား နေ့စဉ်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် လူစည် ကားရာစျေးများတွင် ပါးစပ်၊ နှာခေါင်းစည်းများ၊ မျက်နှာကာများ တပ်ဆင်ရောင်းဝယ် ကြရန် လိုအပ်ကြောင်း" ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေကျော်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှူး ဒေါက်တာလဲ့လဲ့ဝင်းနှင့် မြို့နယ်ရဲတပ်ဖွဲ့ရဲမှူး အေးလှိုင်က လိုအပ်ချက်များ ဖြည့်စွက် ဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသော မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ကဏ္ဍအလိုက် ဆွေးနွေးကြပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရ သည်။

လှလှထွေး(ပြန်/ဆက်)