ရန်ကုန် ဒီဇင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်းကို ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၏ ဦးဆောင်မှုဖြင့် တိုင်း / ခရိုင် / မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ်ရှိ အရိုးကုန်းစျေးနှင့် မအူကုန်းလမ်းကျယ် တစ်လျှောက်တွင် စျေးရောင်းချနေသူများနှင့် စျေးလာရောက် ဝယ်ယူကြသူများအား နှာခေါင်းစည်း (Mask)နှင့် မျက်နှာကာ (Face shield)များ အခမဲ့ဖြန့် ဝေပေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် အသိပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး နေမှုအပေါ် စျေးလာရောက်ဝယ်ယူသူ ဒေါ်စိုးသန္တာကလည်း " ယခုလို ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း မြင့်မားနေတဲ့အချိန်မှာ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေဖို့ အခုလို အသိပညာပေးတာဟာ အရမ်းကောင်းပါတယ်။ ကျွန်မတို့ ပြည်သူတွေအနေနဲ့လည်း ကိုဗစ်-၁၉ ရောဂါ နှင့် ပတ်သက်ပြီး ဆောင်ရန် / ရှောင်ရန် အချက်တွေကို ပြည့်ပြည့်စုံစုံ သိရှိခွင့်ရတဲ့အတွက် တာဝန်ရှိသူတွေကို ကျေးဇူး အထူးတင်ရှိပါတယ် " ဟု ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် အပါအဝင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် များတွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လူထုအခြေပြု စနစ်ဗျူဟာများ ချမှတ်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ပြည်သူတွေအနေနဲ့လည်း ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအား တိကျစွာ လိုက်နာခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီက အသိပေး နှိုးဆော်ထားကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)