ပွင့်ဖြူ ဒီဇင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ် - ၁၉ ကာလအတွင်း ကျန်းမာသန့်ရှင်း လတ်ဆတ် သော ဟင်းသီးဟင်းရွက်များ ကိုယ်တိုင်စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားစေရန်နှင့် ကျန်းမာစွာအသက်ရှင် နေထိုင် နိုင်ရေးအတွက် အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်ထားသည့် တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက် (Home Garden) စိုက်ခင်း စိုက်ပျိုးဆောင်ရွက်ထားရှိမှုအား အောင်မြင်ဖြစ်ထွန်းမှု ရှိ/မရှိ ဒီဇင်ဘာ ၂၄ ရက် ၊ နံနက် ၁၀ နာရီက မြို့နယ်ဦးစီးမှူး ဦးလှိုင်မြင့်နှင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် မုန်းနားစုကျေးရွာနှင့် ညောင်ပင်ရွာကျေးရွာများသို့ သွားရောက်၍ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ ကိုဗစ် - ၁၉ ကာအတွင်း သန့်ရှင်းလတ်ဆတ်သော တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက် (Home Garden) စိုက်ခင်းအား ကိုယ်တိုင်စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားရေးအတွက် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့ထုတ်များနှင့် စိုက်ပျိုးနည်းစနစ်များကို အနီးကပ်ကြီးကြပ်၍ အကောင်အထည်ဖော် စိုက်ပျိုးခဲ့ခြင်း ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးလှိုင်မြင့်ထံမှ သိရသည်။
ယနေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှိုင်မြင့် ဦးဆောင်သော ဝန်ထမ်းများ အဖွဲ့က ပွင့်ဖြူမြို့နယ် မုန်းနားစုကျေးရွာနှင့် ညောင်ပင်ရွာကျေးရွာတွင် ကျေးလက်နေပြည်သူများ ကိုဗစ် - ၁၉ ကာလ အိမ်ခြံဝန်းအတွင်း တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက်သီးနှံ (Home Garden)စိုက်ပျိုးဆောင်ရွက်ထားရှိမှုအား အောင်မြင် ဖြစ်ထွန်းမှု ရှိ/မရှိ အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(GAP) စနစ် ဖြင့် စိုက်ပျိုးရာတွင် ရရှိလာမည့် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အကျိုးကျေးဇူးများ ၊ သီးနှံများ၏ အရည် အသွေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာများ ၊ လူမှုဘဝ သာယာဝပြောရေးဆိုင်ရာများ ၊ အိမ်ခြံဝန်း အတွင်း တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက်သီးနှံများစိုက်ပျိုးခြင်းဖြင့် ကိုဗစ် - ၁၉ ကာလတွင် ဈေးများရှိရာ လူစုလူဝေး များကို ရှောင်ရှားနိုင်ကာ စိတ်ပျော်ရွှင်ကျန်းမာစွာ အသက်ရှင်နေထိုင်သည့်အခွင့်အရေးများအကြောင်းကို ဒေသခံပြည်သူ များအား အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် ဒေသခံတောင်သူများက မိမိတို့၏ အိမ်ခြံဝန်းများတွင် စိုက်ပျိုးထားရှိသော ဟင်းသီးဟင်းရွက်သီးနှံ (Home Garden) စိုက်ပျိုးထားရှိမှုနှင့် ပတ်သက်ပြီး တွေ့ကြုံရသည့် အခက်အခဲများကို ဆွေးနွေးမေးမြန်းကြရာ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက သီးနှံပင်များ အောင်မြင်ဖြစ်ထွန်းရေးအတွက် ကြိုတင်ကာကွယ်ရမည့် ပိုးမွှားရောဂါများနှင့် (Home Garden) စိုက်ပျိုးရေး နည်းစနစ်များအကြောင်းကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ကာလအတွင်း ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားစေရန်နှင့် သန့်ရှင်းလတ်ဆတ် သော ဟင်းသီးဟင်းရွက်သီးနှံများ စားသုံးနိုင်ရေးအတွက် (Home Garden)စိုက်ပျိုးခြင်းအစီအစဉ်ကို ပွင့်ဖြူမြို့နယ် မုန်းနားစု ကျေးရွာနှင့် ညောင်ပင်ရွာကျေးရွာ အပါအဝင် ကျေးရွာပေါင်း (၁၃)ရွာတွင် ခရမ်း ၊ ငရုတ် ၊ ကန်စွန်း ၊ ပန်းမုံလာ ၊ ဘိုစားပဲ ၊ ခဝဲ ၊ ဆလပ် ၊ ကိုက်လံ ၊ တိုင်ထောင်ပဲ ၊ ကြက်သွန် စသည့် ဟင်းသီးဟင်းရွက်သီးနှံမျိုးစုံ အကောင်အထည်ဖော် စိုက်ပျိုး ဆောင်ရွက် ထားရှိကြောင်းနှင့် အဆိုပါ (Home Garden)စိုက်ခင်းများ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့များ ပံ့ပိုးကူညီပေးသည့်အပြင် သီးနှံပင်များအောင်မြင်ဖြစ်ထွန်းစေရေးအတွက်လည်း လိုအပ်သော စိုက်ပျိုးရေးနည်း ပညာများ အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှိုင်မြင့် က ပြောပြ၍ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)