လှည်းကူးမြို့နယ်အတွင်းရှိ ပြည်သူများ အဆင်ပြေသက်သာလွယ်ကူစေရန် သား၊ ငါး၊ ဟင်းသီး ဟင်းရွက်များနှင့် စားသောက်ကုန်ပစ္စည်းများအား လှည့်လည်ဈေးကားများဖြင့် ရောင်းချ

လှည်းကူး ဒီဇင်ဘာ ၂၄

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းများအသင်းချုပ်ညီနောင်အသင်းများနှင့် လှည်းကူးမြို့နယ် စည်ပင်သာယာရေအဖွဲ့တို့ ပူးပေါင်း၍ ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်အတွင်းရှိ ပြည်သူများ အဆင်ပြေ သက်သာလွယ်ကူစေရန် သား၊ငါး၊ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်ပစ္စည်းများအား လှည့်လည်ဈေးကားများဖြင့် ရောင်းချ နေမှုကို ယနေ့ နံနက်(၇)နာရီက ပြည်တော်သာရပ်ကွက် ဒါးပိန်လမ်းခွဲ၊ ဖောင်ကြီးလမ်းခွဲနေရာတို့နှင့် ရန်ကုန်-ပဲခူးကားလမ်းမဘေးရှိ စာတိုက်ရှေ့နေရာ တို့တွင် လှည့်လည်ဈေးကားဖြင့် ဈေးနှုန်းသက်သာစွာ ရောင်းချခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်ကာလအတွင်း ပြည်သူများ စားရေးသောက်ရေး အဆင်ပြေချောမွေ့ စေရန် ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ပြီး ဈေးများသို့သွားရောက်၍ ဝယ်ယူစရာ မလိုဘဲ စားသုံးစေရန်နှင့် သန့်ရှင်းလတ်ဆတ်သော သား၊ ငါး၊ ဟင်းသီးဟင်းရွက်များ၊ စားသောက်ကုန်ပစ္စည်းများ အား ဝယ်ယူစားသုံးနိုင်စေရန် ရည်ရွယ်ချက်ဖြင့် လှည်းကူးမြို့နယ် အတွင်း လူစည်ကားရာနေရာများသို့ ဈေးကားများဖြင့် သွားရောက်၍ ရောင်းချပေးရာတွင် ကြက်သား၊ ဝက်သား၊ အမဲသား၊ ဆိတ်သား၊ ရေချို/ရေငန်ငါးအမျိုးမျိုး၊ ကြက်ဥ၊ ဟင်းသီး ဟင်းရွက်များနှင့် စားသောက်ကုန်ပစ္စည်း အမျိုးမျိုးစသည်တို့ကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

နိုင်လင်း(လှည်းကူး)