ရန်ကုန် ဩဂုတ် ၄
ရန်ကုန်တိုင်ဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် နိုင်ငံသူ၊ နိုင်ငံသားတိုင်း မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် ဇူလိုင်လ(၂၅)ရက်နေ့မှ စတင်၍ ဩဂုတ်လ (၇)ရက်နေ့အထိ (၁၄)ရက်ကြာ အင်းစိန်မြို့နယ် အတွင်းရှိ ရပ်ကွက်ပေါင်း(၂၁)ရပ်ကွက်ရှိ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင် အမည်စာရင်းများကို ထုတ်ပြန်ကြေညာထားလျက်ရှိရာ ဒေသခံပြည်သူ များ မဲစာရင်း များကို လာရောက်ကြည့်ရှုလျက်ရှိသည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင် အမည်စာရင်းများကို ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်း ပထမအကြိမ် ကပ်ထားကြေညာထားခြင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်လင်းနှင့် အဖွဲ့ဝင်များက ယနေ့ နံနက်ပိုင်းမှ စ၍ အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ သွားရောက်၍ ကွင်းဆင်းကြည့်ရှု စစ်ဆေးလျက်ရှိသည်။
ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် မဲဆန္ဒရှင်အမည်စာရင်းများ ကပ်ထားကြေညာကြောင်း အသိပေး နှိုးဆော်ထားမှု ရှိ/မရှိ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက် များနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိ၊ မဲဆန္ဒရှင် အမည်စာရင်းများတွင် မိမိအမည် မပါရှိခြင်း၊ အချက်အလက်များ ကွဲလွဲမှု ရှိခြင်း၊ ပြင်ဆင်ကန့်ကွက်လိုခြင်းတို့အတွက် ပုံစံ(၃)၊ (၄)နှင့် (၄-ဂ) စသည့် သတ်မှတ်ပုံစံများ ပြည်စုံစွာ ဖြည့်စွက်၍ တင်ပြထားမှု အခြေအနေများကို လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ သည်။
အင်းစိန်မြို့နယ်တွင် ရပ်ကွက်ပေါင်း (၂၁)ရပ်ကွက်၌ မဲရုံပေါင်း(၁၈၈)ရုံ ဆောင်ရွက်လျာထား ထားရှိပြီး မဲဆန္ဒရှင် အမည်စာရင်း (၂)သိန်းကျော်ကို ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် ဇူလိုင်လ(၂၅) ရက်နေ့မှ ဩဂုတ်လ(၇)ရက်နေ့အထိ (၁၄)ရက်ကြာ နံနက်(၇)နာရီ အချိန်မှ ည(၉)နာရီ အချိန်အထိ ကပ်ထားကြေညာထားရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)