လှိုင်သာယာ(အနောက်ပိုင်း) ဒီဇင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ၂၀၂၁−၂၀၂၂ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ဘတ်ဂျတ်ဖြင့်ဆောင်ရွက်မည့်လုပ်ငန်းများအား မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁နာရီခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ရုံးခန်းတွင် ကျင်းပသည်။
အစည်းအဝေးတွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက လာမည့် ၂၀၂၁−၂၀၂၂ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးဘတ်ဂျတ်ဖြင့် ဌာနဆိုင်ရာများအား မိမိတို့ဌာနမှ ဆောင်ရွက်မည့် လုပ်ငန်းများရှိပါက တင်ပြအကြံပြုဆွေးနွေးစေပြီး မိမိတို့မြို့နယ်အတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက် စေရေးအတွက် အမှန်တကယ် လိုအပ်ချက်များအား အကြံပြုဆွေးနွေးခဲ့ကြသည်။
အဆိုပါအစည်းအဝေးသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးအေးဗိုလ် ၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမင်း၊ အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်းအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံကိန်း ရေးဆွဲရေးကော်မတီမှ တာဝန်ရှိသူများ တက်ရောက် အကြံပြု ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)