ဂန့်ဂေါ ဒီဇင်ဘာ ၂၅
ဂန့်ဂေါမြို့၏ လူမှုရေးအသင်းအဖွဲ့တစ်ခုဖြစ်သည့် ပါရမီရှင်နာရေးကူညီမှုအသင်းသည် လူသား များအတွက် အထူးလိုအပ် လျက်ရှိသည့် အောက်ဆီဂျင်ဘူးများကို လွယ်လင့်တကူ ရရှိနိုင်ရန်အတွက် လွန်ခဲ့သည့် ၁၀ နှစ်ကျော်ကာလ မှစတင်ကာ ထောက်ပံ့လှူဒါန်းလျက်ရှိကြောင်း သိရသည်။
ထိုသို့ လှူဒါန်းထောက်ပံ့ရာတွင် ဂန့်ဂေါမြို့ပြည်သူ့ဆေးရုံအတွက်သာမက ဂန့်ဂေါမြို့နယ် အတွင်းရှိ မြောက်ခင်ရန်း၊ လက်ပန်၊ မင်းရွာ၊ ဟံသာဝတီကျေးရွာဆေးရုံများရှိ လူနာများအတွက်ပါ လိုအပ်လျင်လိုအပ်သလို ထောက်ပံ့လှူဒါန်းပေးပို့ကြောင်း သိရသည်။
“လူနာတွေအတွက် လိုအပ်တဲ့ အောက်ဆီဂျင်ဘူးကို ပုံမှန်ထောက်ပံ့နိုင်အောင် အမြဲတမ်း အားထည့်ဆောင်ရွက်ပေးနေပါတယ်၊ ကိုဗစ်ကာလမှာ အသွားအလာ ကန့်သတ်ချက်တွေရှိလာတော့ အခက်ကြုံပါတယ်၊ အရင်ကမန္တလေးစက်မှုဇုန်မှာ အောက်ဆီဂျင်ဖြည့်ပါတယ်၊ အခုကာလမှာ မန္တလေး ကိုသွားဖို့ အခက်အခဲဖြစ်လာတော့ မုံရွာမြို့ ဆေးရုံကြီးရှေ့ မိဘဂုဏ် အောက်ဆီဂျင်ဖြည့်လုပ်ငန်းမှာ ဦးစားပေးဖြည့်ပေးဖို့ အကူအညီတောင်းပြီးဖြည့်ရပါတယ်၊ ဒီဇင်ဘာ ၂၄ ရက်က စပြီး ဂန့်ဂေါမြို့နယ် အတွက် အဆင်ပြေသွားပါပြီ” ဟု အသင်းဥက္ကဋ္ဌ ဦးတင်သောင်းက ပြောသည်။
အသင်းတွင် အောက်ဆီဂျင်ဘူးကြီး ၆၀ လုံး၊ ဘူးသေး ၁၀၀ လုံးတို့ဖြင့်လည်း လည်ပတ်လျက် ရှိကြောင်း၊ ရဟန်းသံဃာ၊ သီလရှင်၊ ငွေကြေးအခက်အခဲရှိသူများအတွက် အခမဲ့လှူဒါန်း ထောက်ပံ့လျက် ရှိသည့်အပြင် ဘူးသေးတစ်ဘူးအတွက် ၂၀၀၀ ကျပ် အလှူငွေကောက်ခံလျက် ရှိသည်။ ထို့ပြင် ပါရမီရှင်နာရေးကူညီမှုအသင်းဝင်များသည် ဆေးရုံများတွင် လိုအပ်လျက်ရှိသည့် သွေးသွင်းလူနာများ အတွက် သွေးလှူပေးလျက်ရှိသည့်အပြင် အသင်းနှင့်ဆက်သွယ်လိုလျင် ဖုန်း ၀၉-၄၀၀၃၀၂၄၈၇ သို့ ဆက်သွယ်နိုင် ကြကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)