ကြို့ပင်ကောက် ဒီဇင်ဘာ ၂၅
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ ပြန်လည်ရွေးချယ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများဖြင့် ယမန်နေ့ ညနေ ၄ နာရီအချိန်ကဆောင်ရွက်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဟန်ရှိန်က မြို့နယ်စည်ပင် သာယာရေးကော်မတီ ပြန်လည်ရွေးချယ်ပေးနိုင်ရေးအတွက် ရပ်ကွက်နှင့် မြို့နယ်အဆင့် အများယုံကြည်လေးစားရသော ရွေးချယ်ကြီးကြပ်ရေးအဖွဲ့ပုဂ္ဂိုလ်များ ဖွဲ့စည်း ပေးနိုင်ရေးနှင့် မြို့နယ်စည်ပင် သာယာရေး ကော်မတီ ရွေးချယ်ပွဲ ဆောင်ရွက်ရန် ဥပဒေ၊ နည်းဥပဒေများကို အသေးစိတ် ရှင်းလင်းအသိပေး ပြောကြားခဲ့သည်။
ဆက်လက်၍မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်က မြို့ပေါ်ဆယ်ရပ်ကွက်မှ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်း များက စည်းမျဉ်းစည်းကမ်း ဥပဒေများဖြင့်အညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း နိဂုံးချုပ်အမှာ စကား ပြောကြားခဲ့သည်။
မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်လောင်း လျှောက်လွှာများကို မြို့နယ်ရွေးချယ် ကြီးကြပ်ရေးအဖွဲ့ထံသို့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း တင်သွင်းလျှောက်ထား ရမည်ဖြစ်ပြီး မြို့နယ်ရွေးချယ် ကြီးကြပ်ရေးအဖွဲ့မှ ဝင်ရောက်ယှဉ်ပြိုင်မည့်ကော်မတီဝင်လောင်းများ အမည်စာရင်းကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)