မြဝတီမြို့၌ ငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင်မှုဆောင်ရွက်

မြဝတီ   ဒီဇင်ဘာ  ၂၅

ကရင်ပြည်နယ် မြဝတီမြို့နယ်သင်္ဃန်းညီနောင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင်  မြဝတီခရိုင်မီးသတ်ဦးစီးဌာနနှင့် သင်္ဃန်းညီနောင် မြို့သစ်လူမှု ကယ်ဆယ်ရေးအဖွဲ့တို့ ပူးပေါင်း၍ သဘာဝဘေး အန္တရာယ်များသည် အချိန်အခါမရွေး ဖြစ်ပွားနိုင်သည့်အတွက် ရင်ဆိုင်ရသည့် အချိန်တွင် ထိခိုက်နိုင်ခြေ၊ ထိတွေ့နိုင်ခြေတို့အား လျော့နည်းစေရန်နှင့် သဘာဝဘေးအန္တရာယ်အား ကြံကြံခိုင်ရင်ဆိုင် တုံ့ပြန်နိုင်ကြရန် ရည်ရွယ်ချက်ဖြင့် ယမန်နေ့နံနက်(၁၀)နာရီအချိန်က ငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုကို ပြုလုပ် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

အဆိုပါငလျင်ဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြဝတီမြို့နယ် သင်္ဃန်းညီနောင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ    မြဝတီခရိုင် မီးသတ်ဦးစီးဌာနမှ စခန်းမှူး ဦးအောင်နိုင်ဦးက ငလျင်ဘေးအန္တရာယ်နှင့်  သဘာဝဘေးအန္တရာယ်များ အကြောင်း သိကောင်းစရာများကို အသေးစိတ် ရှင်းလင်း ပြောကြားခဲ့ သည်။

ထို့နောက် ခရိုင်မီးသတ်တပ်ဖွဲ့ဝင်များ၊  မြဝတီမြို့နယ် သင်္ဃန်းညီနောင်ကျေးရွာနှင့် ဝှေ့ရှမ်းကျေးရွာတို့ရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သင်္ဃန်းညီနောင် မြို့သစ်လူမှု ကယ်ဆယ်ရေးအဖွဲ့တို့က သဘာဝဘေးအန္တရာယ်များ မကျရောက်မီ၊ ကျရောက်ချိန်နှင့် ကျရောက်ပြီးချိန်များတွင် ကြိုတင်နှိုးဆော်ခြင်း၊ ငလျင်လှုပ်လျှင် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် နေထိုင်နည်းနှင့် ငလျင်လှုပ်မှုဖြစ်ပွားပြီးနောက် ကယ်ဆယ် ရေးဆောင်ရွက်ပုံများ၊ ရှာဖွေကယ်ဆယ်ရေး ပြုလုပ်နိုင်ရန်အတွက် ဆက်စပ်ပစ္စည်းများကို အသုံးပြုနည်း စသည်တို့ကို လက်တွေ့ သရုပ်ပြသခဲ့ကြောင်း သိရသည်။

မန်းသန်းရွှေမြင့်