ပွင့်ဖြူ ဒီဇင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ ဒီဇင်ဘာ ၂၄ ရက်နေ့က ပွင့်ဖြူမြို့ ၊ (အ.ထ.က)ကျောင်း ယာယီသီးခြား လူနာကု သဆောင်တွင်ထားရှိပြီး ဆေးကုသပေးနေသော ကိုဗစ်ပိုးတွေ့လူနာများတွင် အမျိုးသမီးတစ်ဦး ကိုဗစ် - ၁၉ ရောဂါပိုး သက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင်ထံက သိရသည်။
အဆိုပါ ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ရှိသူ အမျိုးသမီးမှာ ရန်ကုန်တိုင်းဒေသကြီး ၊ မင်္ဂလာဒုံမြို့နယ် အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ကိုင်ပြီး ဒီဇင်ဘာ (၉) ရက်နေ့က မိမိအစီအစဉ်ဖြင့် ကားငှား၍ ပွင့်ဖြူမြို့နယ်သို့ ပြန်လည်ရောက်ရှိလာပြီး မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ စီစဉ်ထား ရှိသော မြို့နယ်စိုက်ပျိုးရေးသိပ္ပံကျောင်း Facility Quarantine Centre တွင် အသွားအလာကန့်သတ် နေထိုင်ခဲ့ကြောင်း၊ ဒီဇင်ဘာ ၁၃ ရက်နေ့တွင် မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင် ၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ Facility Quarantine Centre များမှ အသွားအလာကန့်သတ် စောင့်ကြည့်ရသူ(၁၆)ဦးအား ကိုဗစ် - ၁၉ ရောဂါပိုး ရှိ/မရှိ Swab နမူနာရယူ၍ ရန်ကုန်အမျိုးသားကျန်းမာရေးဆိုင်ရာဓာတ်ခွဲမှုဌာန(NHL) သို့ ပေးပို့စစ်ဆေးခဲ့ရာ ၎င်းအမျိုးသမီးတွင် ကိုဗစ် - ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီး ပွင့်ဖြူမြို့၊ (အ.ထ.က) ကျောင်း ယာယီသီးခြား လူနာကုသဆောင်တွင် ပြောင်းရွှေ့ ဆေးကုသမှုခံယူ စေခဲ့ရာ ယမန်နေ့ ညနေပိုင်းက ကျန်းမာရေးကောင်းမွန်ပြီး ကိုဗစ်-၁၉ ရောဂါလက္ခဏာ မတွေ့ရဘဲ သတ်မှတ်ရက် ပြည့်မြောက်တာကြောင့် ဆေးရုံဆင်းခွင့် လက်မှတ်ထုတ်ပေးခဲ့ပြီး ယာယီသီးခြား လူနာကုသဆောင်မှ ဆင်းခွင့်ပြုလိုက်ခြင်း ဖြစ်ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင် က ပြောသည်။
အဆိုပါ ကိုဗစ် - ၁၉ ရောဂါပိုး သက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူအမျိုးသမီးမှာ ပွင့်ဖြူမြို့နယ် ဇီးကိုင်း ကျေးရွာအုပ်စု ၊ ကျွန်းပင်စင်ကျေးရွာတွင်နေထိုင်သူ အသက်(၂၈)နှစ်အရွယ် အမျိုးသမီးဖြစ်ကြောင်း သိရပြီး ယမန်နေ့ ညနေပိုင်းက ပွင့်ဖြူမြို့၊ သမ္မာဆန္ဒကရုဏာရှင်များ နာမှုကူညီရေးအသင်းမှ ပရဟိတအဖွဲ့ဝင်များက မော်တော်ယာဉ်ဖြင့် နေအိမ်အရောက် ပို့ဆောင်ပေးခဲ့ပြီး နေအိမ်တွင် Home Quarantine (၇)ရက် ဆက်လက်နေထိုင်သွားရမည် ဖြစ်ကြောင်းနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကျန်းမာရေး ညွှန်ကြားချက်များနှင့် အညီ နေထိုင်သွားရန် ဆွေးနွေးမှာကြားခဲ့ ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါပိုးတွေ့လူနာ (၅၀)ဦး ရှိသွားပြီဖြစ်ပြီး ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံဆင်းခွင့် ရရှိသူ (၄၂)ဦးရှိပြီဖြစ်ကာ ပွင့်ဖြူမြို့၊ (အ.ထ.က)ကျောင်း ယာယီသီးခြား လူနာကုသဆောင်တွင် ကိုဗစ် - ၁၉ ပိုးတွေ့လူနာ (၈)ဦး ကျန်ရှိနေပြီး လက်ရှိတွင် ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင်ထံက သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)