ဆိပ်ကြီးခနောင်တိုမြို့နယ်၌ တွံတေးတူးမြောင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်းများ ဆိုင်ရာ လျာထားအသေးစိတ် ဒီဇိုင်းများနှင့် နေရာများ ရှင်းလင်းတင်ပြခြင်း အခမ်းအနား ပြုလုပ်

ဆိပ်ကြီးခနောင်တို  ဒီဇင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌  တွံတေးတူးမြောင်း ဘက်စုံ ဖွံဖြိုးတိုးတက်ရေး စီမံကိန်း လုပ်ငန်းများနှင့်ပတ်သက်၍  လုပ်ငန်းဆိုင်ရာ လျာထားအသေးစိတ် ဒီဇိုင်းများ ရှင်းလင်းတင်ပြခြင်းနှင့် လူမှုပတ်ဝန်းကျင်ဆိုင်ရာ လေ့လာဆောင်ရွက်ထား ရှိမှုများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား ဆိပ်ကြီးခနောင် တိုမြို့နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများအား ရှင်းလင်း တင်ပြခြင်းနှင့် ဆွေးနွေးခြင်း အခမ်းအနားကို ယမန်နေ့ နေ့လည် (၁)နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက် များနှင့် အညီ ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲသို့ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်၊ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေ၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေး ဦးစီး ဌာနမှ တာဝန်ရှိသူများ၊  REM Company မှတာဝန်ရှိသူများ၊ မြို့နယ် ဌာနဆိုင်ရာများနှင့် ရပ်မိရပ်ဖများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က အဖွင့်အမှာစကားပြောပြီး၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက် ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးဇော်လွင်က စီမံကိန်းလုပ်ငန်းများဆိုင်ရာ လျာထားအသေးစိတ် ဒီဇိုင်းများနှင့် နေရာများကိုလည်းကောင်း၊  REM Company မှ ဒါရိုက်တာ ဦးကျော်ဇင်ဝင်းက စီမံကိန်း သက်ရောက်မည့် နေရာများတွင် အသေးစိတ် စစ်တမ်းကောက်ယူမည့် အစီအစဉ်များအား Power Point ဖြင့် အသေးစိတ် ရှင်းလင်း ဆွေးနွေးပြောကြားသည်။  ထို့နောက် တက်ရောက်လာသည့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများက စီမံကိန်းနှင့်ပတ်သက်၍ သိရှိလိုသည်များ ကို ဆွေးနွေး မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွံတေးတူးမြောင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းလုပ်ငန်းကို ကိုရီးယားနိုင်ငံ (EDCF) ချေးငွေဖြင့် အကောင် အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီး၊ စီမံကိန်းအတွက် အသေးစိတ် ဒီဇိုင်းရေးဆွဲခြင်းလုပ်ငန်းကို ကိုရီးယားနိုင်ငံ ISAN Corporation နှင့် (၃၀-၁၂-၂၀၁၉)ရက်နေ့တွင် လုပ်ငန်းအပ်နှံ သဘောတူခဲ့ပြီး (၁၃-၁-၂၀၂၀) ရက်နေ့တွင် အသေးစိတ် ဒီဇိုင်းရေးဆွဲခြင်း လုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ၊ ယခုတွံတေးတူးမြောင်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်မည့် လုပ်ငန်းများ၏ Detail Design (Draft)များ တင်ပြလာပြီဖြစ်သဖြင့် ယခုကဲ့သို့ ရှင်းလင်း ဆွေးနွေးပွဲ ပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။

ဝေယံ(ဆိပ်ကြီးခနောင်တို)