မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်တွင် နေအိမ်ပြင်ပထွက်သူတိုင်း နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး Mask Campaign ဆောင်ရွက်

ပေါက်  ဒီဇင်ဘာ  ၂၅

လတ်တလောဖြစ်ပွားနေသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ပျံ့ပွားမှုအား ကာကွယ်တားဆီးနိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည့် Stay at Home ကာလအတွင်း လူစုလူဝေးမဖြစ်ပေါ်စေရန်နှင့် ရောဂါကူးစက်ပျံ့နှံ့မှု လျော့ကျစေရန် ရည်ရွယ်၍ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက ပေါက်မြို့ စည်ပင်သာယာဈေး၊ ယာယီပျံကျဈေးနှင့် လူစည်ကားရာနေရာများသို့ သွားရောက်၍ နှာခေါင်းစည်း မဖြစ်မနေ စနစ်တကျတပ်ဆင်ရေး Mask Campaignပြုလုပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် Mask Campaign ပြုလုပ်ရာတွင် မြို့နယ်အားကစားမှူး ဒေါ်ဝင်းလဲ့လဲ့ဖြိုး ဦးဆောင်သော ဝန်ထမ်းများက Physical Fitness Dance အဖွဲ့နှင့်ပူးပေါင်းကာ ပြည်သူ့အား ကစားကွင်း ယာယီပျံကျဈေးရှိ ဈေးရောင်းသူများနှင့် ဈေးဝယ်လာပြည်သူများကို တွေ့ဆုံကာ ဈေးရောင်းချရာတွင် ကိုဗစ် - ၁၉ ရောဂါကင်းဝေးစေရေး နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ပြီးမှ ဈေးရောင်းချရန်နှင့် လူစုလူဝေး မဖြစ်စေရေး (၆)ပေအကွာ သတ်မှတ်ထား သောနေရာတွင်သာ ဈေးရောင်းချရန်၊ ဈေး ရောင်းပြီးပါက သန့်ရှင်းရေးပြုလုပ်ကြရန်၊ ဈေးဝယ်လာသောပြည်သူများကိုလည်း ဈေးအတွင်း မဝင်မီ လက်ဆေးဘေစင်တွင် လက်ကိုစနစ်တကျ ဆေးကြောပြီးမှသာ ဈေးအတွင်း ဝင်ရောက်ကြရန်၊ နှာခေါင်းစည်းများ စနစ် တကျ တပ်ဆင်သွားလာကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော လမ်းညွှန်ချက်များကို အလေးထားလိုက်နာကြရန် စသည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ ကို ပညာပေးဆွေး နွေးဟောပြောကာ နှာခေါင်းစည်း (Mask) အခုရေ ၅၀၀ အားအခမဲ့ လိုက်လံ ဖြန့်ဝေပေးခဲ့ကြသည်။

ထို့နောက် ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး Physical Fitness Dance အဖွဲ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ ပခုက္ကူ-ပေါက်-ကျောက်ထုသွားကားလမ်းဘေးတွင် စုရပ်ပြုလုပ်၍ ခရီးသွားပြည်သူများနှင့် ဈေးဝယ်လာပြည်သူများကို ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး လက်ဆေးပါ တေးသီချင်းဖြင့် အသိပညာပေး ဖျော်ဖြေတင်ဆက်ကပြခဲ့ကြောင်း သိရသည်။

ဉာဏ်တိုး (ပေါက်)