ထန်းတပင်(ပဲခူး) ဒီဇင်ဘာ ၂၅
၂၀၂၁ ခုနှစ်ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်ဦးဆွေက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလဖြစ်သည့်အတွက် (၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးပို့လာသော စံလုပ်ငန်းလမ်းညွှန်ချက်များအား ရှင်းလင်းဖတ်ကြားပြီး တက်ရောက် လာသူများက အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်း အကြံပြုဆွေးနွေးပေးရန်လိုကြောင်း ဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာသည် မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ကျင်းပပြုလုပ်မည့် နေရာပြင်ဆင်ခြင်း၊ ရောင်စုံမီးအလှများ တပ်ဆင်ထွန်းညှိခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်သွားမည့် အခြေအနေများကို သက်ဆိုင်ရာဌာနများက တင်ပြဆွေးနွေးခဲ့ကြပြီး လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)