ရေနံချောင်း ဒီဇင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး မကွေးခရိုင် ရေနံချောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ယခုနှစ် ဆောင်းသီးနှံချေးငွေများကို တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ ဒီဇင်ဘာ ၂၄ ရက်နေ့အထိ ငွေကျပ် သိန်းပေါင်း ၃၀၀၀ ကျော် ထုတ်ချေးပြီးစီးပြီဖြစ်ကြောင်း အဆိုပါဘဏ်ခွဲတာဝန်ရှိသူထံမှ သိရသည်။
ရေနံချောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ၂၀၂၀ ပြည့်နှစ် ဆောင်းသီးနှံ ချေးငွေများကို ကိုဗစ်-၁၉ ကာကွယ်ရေး ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်ထုတ်ချေးပေးလျက်ရှိရာ ဒီဇင်ဘာ ၂၄ ရက်နေ့အထိ ကျေးရွာအုပ်စု ၉ အုပ်စုမှ တောင်သူ ၉၆၀ ဦး၏ ဆောင်းသီးနှံစိုက်ဧက ၃၁၀၀ အတွက် ချေးငွေကျပ် ၃၂၆၇ သိန်း ၅ သောင်းကျပ် ထုတ်ချေးပြီးစီးပြီဖြစ်ကြောင်းနှင့် ကျေးရွာအုပ်စု တစ်အုပ်စုသာ ထုတ်ချေးပေးရန် ကျန်ရှိတော့ကြောင်း မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဒေါ်သွယ်သွယ်အုန်း ထံမှသိရသည်။
အဆိုပါဆောင်းသီးနှံချေးငွေများ ထုတ်ချေးပေးရာတွင် အတိုးငါးရာခိုင်နှုန်းဖြင့် စပါးတစ်ဧကလျှင် တစ်သိန်းခွဲကျပ်နှင့် အခြားသီးနှံတစ်ဧကလျှင် တစ်သိန်းကျပ်နှုန်းဖြင့် ထုတ်ချေးပေးခြင်းဖြစ်ပြီး ယခုနှစ်ဆောင်း သီးနှံချေးငွေများကို ကျေးရွာအုပ်စု ၁၀ အုပ်စုရှိ ဆောင်းသီးနှံစိုက်တောင်သူ ၁၅၇၄ ဦး၏ လယ်ယာမြေ ၃၇၂၅ ဧကအတွက် ချေးငွေကျပ်သိန်းပေါင်း ၄၂၀၀ ထုတ်ချေးရန် လျာထားကြောင်း သိရသည်။
ရေနံချောင်းမြို့နယ်၌ ယမန်နှစ်က ဆောင်းသီးနှံစိုက်တောင်သူများ၏ လယ်ယာမြေ ၃၆၂၃ ဧကအတွက် ဆောင်းသီးနှံချေးငွေအဖြစ် ငွေကျပ် ၃၉၇၃ သိန်း ထုတ်ချေး ပေးနိုင်ခဲ့ကြောင်း သိရသည်။
ကိုစိုးကြီး