ဗန်းမောက်မြို့နယ် မံအင်မင်းကုန်းကျေးရွာအုပ်စု နောင်ကွတ်-မံစီကြီး ကျေးရွာချင်းဆက် မြေသားလမ်းခင်းခြင်း ကိုယ်ထူကိုယ်ထဆောင်ရွက်

ဗန်းမောက်  ဒီဇင်ဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် မံအင်မင်းကုန်းကျေးရွာအုပ်စု နောင်ကွတ်-မံစီကြီးကျေးရွာ ချင်းဆက်မြေသားလမ်း ကိုယ်ထူကိုယ်ထဆောင်ရွက်ခြင်း လုပ်ငန်းကို ဒီဇင်ဘာ ၂၂ ရက်က စတင်၍ ပြုပြင်ဆောင်ရွက် လျက်ရှိကြောင်း မံအင်မင်းကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

အဆိုပါ ကျေးရွာချင်းဆက် လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်စေရန်နှင့် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားကူးသန်းရောင်းဝယ်ရေးတို့ လွယ်ကူကောင်းမွန် နိုင်စေရန်အတွက် လမ်းပိုင်းပျက်စီးနေမှုများအား ဂိုလ်ဒင်းဇော်ကုမ္ပဏီမှ လမ်းအရှည်ပေ (၂) မိုင်၊ အကျယ် (၄၀)ပေ၊ အမြင့် (၃)ပေရှိ မြေသားလမ်းကိုယ်ထူကိုယ်ထစနစ်ဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလကုန်ပိုင်းတွင် ပြီးစီးတော့မည်ဖြစ်ကြောင်း၊ ဆက်လက်ပြီး မြေသားလမ်းဘောင် တင်ခြင်း လုပ်ငန်းများကို စက်ယန္တရားကြီးများဖြင့် ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း မံအင်မင်းကုန်းကျေးရွာ အုပ်စုအတွင်းရှိ ရွှေသတ္ထုတူးဖော်ရေးကုမ္ပဏီများ အလှူရှင်များ၏ထည့်ဝင်လှူဒါန်းထားသည့် ဒီဇယ်နှင့်အလှူငွေများ ဖြင့် အဆိုပါမြေသား လမ်းပေါ်တွင် သဲကျောက်ခင်းခြင်းများ ပြုလုပ်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း မင်းကုန်း-အရှေ့ကုန်းကျေးရွာ ချင်း ဆက်လမ်းပိုင်းနှင့် အနောက်ကုန်း-အနောက်တောကျေးရွာချင်းဆက်လမ်းပိုင်းများကိုလည်း နွေ၊ မိုး၊ ဆောင်း အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန် အလှူရှင်ပြည်သူလူထုများ၏ စုပေါင်းညီညွတ်မှုအားဖြင့် ကိုယ်ထူကိုယ်ထစနစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အနောက်ကုန်း-အနောက်တောလမ်းပိုင်းကိုလည်း လွှတ်တော်ရန်ပုံငွေဖြင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မံအင်မင်းကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်က ပြောသည်။

ကျေးရွာချင်းဆက်လမ်းပိုင်းများ ပြီးစီးသွားပါက ဗန်းမောက်မြို့နယ်တွင် မံစီကြီးဒေသစိတ်အတွင်းရှိ ကျေးရွာအုပ်စုများမှ ဒေသခံပြည်သူများအတွက် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး ကုန်စည်စီးဆင်းမှုအဆင်ပြေချောမွေ့စေမည့်အပြင် အချိန်တိုအတွင်း ကုန်စည်စီးဆင်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။     

ကျော်စွာ(ဗန်းမောက်)