ပွင့်ဖြူမြို့နယ်အတွင်း မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ပွင့်ဖြူ      ဒီဇင်ဘာ        ၂၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနက ပွင့်လင်းရာသီချိန် ရောက်ရှိလာပြီဖြစ်၍ မြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများ လိုက်နာဆောင်ရွက်အတွက် ယမန်နေ့ ညနေ ၄ နာရီခွဲက မြို့နယ်အတွင်းရှိ ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်များသို့ သွားရောက်ပြီး မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးနေမင်းထွန်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ပွင့်ဖြူ-မင်းဘူး-စလင်း ကားလမ်းဘေးတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် စက်သုံးဆီဆိုင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ မီးဘေးလုံခြုံစိတ်ချရမှုရှိစေရေး စက်သုံးဆီအား စနစ်တကျ ကိုင်တွယ်ရောင်းချရန်၊ ဆီသယ်ယာဉ် များမှ တစ်ဆင့် ဆီသိုလှောင် ကန်များအတွင်း ဆီများဖြည့်တင်းရာတွင် မီးဘေးအန္တရာယ်အထူးဂရုပြု ဆောင်ရွက်သွားကြရန်၊ စက်သုံးဆီဆိုင်များ ၌ တပ်ဆင်အသုံးပြုထားသည့် လျှပ်စစ်ဝါယာကြိုးများ ကြံ့ခိုင်ကောင်းမွန်မှု ရှိ/မရှိ အခါအားလျော်စွာ ကြပ်မတ်စစ်ဆေးသွားရန်နှင့် လျှပ်စစ်မီးအားစနစ်တကျ သုံးစွဲကြရန်၊ မီးဘေးကြိုတင်ကာကွယ်ရေး မီးသတ်ဆေးဘူးများ လုံလောက်စွာထွားရှိရေး၊ ရေသိုလှောင်ကန်များ ရေဖြည့်တင်းထားရှိရေးတို့ကို ဆွေးနွေးမှာကြားခဲ့သည်။

ထို့နောက် စက်သုံးဆီဆိုင်များရှိ ဆီသိုလှောင်ကန်များနှင့်ဆီသယ်ယာဉ်များ မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ၊ လျှပ်စစ်မိန်းခုံများမှင့် လျှပ်စစ်ဝါယာကြိုးများ ကောင်းမွန်မှု ရှိ/မရှိနှင့် မီးဘေးအန္တရာယ် ကြုံတွေ့လာပါက အလွယ်တကူ ရေရယူ သုံးစွဲနိုင်မှု ရှိ/မရှိ တို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)