ပွင့်ဖြူမြို့နယ်၌ ဟင်းသီးဟင်းရွက် မုံလာဥသီးနှံစိုက်ပျိုးတောင်သူများ အောင်မြင်ဖြစ်ထွန်း၍ လုပ်ငန်းအဆင်ပြေ

ပွင့်ဖြူ       ဒီဇင်ဘာ       ၂၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံတောင်သူများ မုန်းချောင်းရေနှင့် မြေအောက် ရေကို စနစ်တကျ အသုံးချပြီး ဟင်းသီးဟင်းရွက် သီးနှံမျိုးစုံကို (နွေ ၊ မိုး ၊ ဆောင်း) စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြရာ ယခုနှစ်တွင် မုံလာဥသီးနှံစိုက်ပျိုးရေးလုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း အဆိုပါ ကျေးရွာရှိ ဒေသခံတောင်သူများထံမှ သိရသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ မုန်းချောင်းဘေးတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံတောင်သူများသည် တစ်ပိုင်တစ်နိုင် ဟင်းသီး ဟင်းရွက်စားပင်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်ကြပြီး သီးနှံများစိုက်ပျိုးရာတွင် မုန်းချောင်းရေကို ရယူပြီး စိုက်ပျိုးမှုများရှိသလို အချို့တောင်သူများမှာ ကိုယ်ပိုင်အဝီစိတွင်းများဖြင့် စိုက်ပျိုးလုပ်ကိုင်ကြ ကြောင်း၊ တောင်သူ အများစုသည် စားပင်သီးနှံများ စိုက်ပျိုးရာ၌ သီးနှံတစ်မျိုးတည်း စိုက်ပျိုးခြင်းအစား သီးနှံဝင်ငွေပိုမိုရရှိရေးအတွက် သီးထပ် သီးညှပ်အဖြစ် ရောနှော စိုက်ပျိုးမှုများ ပိုမိုလုပ်ကိုင်လာကြကြောင်း သိရသည်။ ယခုနှစ် ဟင်းသီးဟင်းရွက်သီးနှံစိုက်ပျိုး ရေးလုပ်ငန်းတွင် မုံလာဥစိုက်ပျိုးရေးလုပ်ငန်းမှာ အောင်မြင် ဖြစ်ထွန်းမှုရှိပြီး ရောင်းချရာတွင်လည်း မုံလာဥတစ်ဥလျှင် ငွေကျပ် ၄၀ နှုန်းဖြင့် ရောင်းချနေရ၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ၊ (၂)ရက်ခြား တစ်ကြိမ်လျှင် မုံလာဥ အလုံးရေ ၈၀၀ ၊ ၉၀၀ အထိ နုတ်ယူရောင်းချနေရကြောင်း ပွင့်ဖြူမြို့နယ် ဒေးဒရဲကျေးရွာမှ မုံလာဥစိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူ  ကိုဟန်ဇော်သက် က ပြောသည်။

ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံတောင်သူများသည် စိုက်ပျိုးရေ အဆင်ပြေမှုကြောင့် စားပင်သီးနှံမျိုးစုံကို (နွေ၊ မိုး၊ ဆောင်း) စိုက်ပျိုးလုပ်ကိုင် ကြသည့်အတွက် ကျေးရွာရှိ ဒေသခံပြည်သူများအနေဖြင့် နေ့စဉ်မပြတ် စိုက်ပျိုးရေးလုပ်ငန်းခွင် ဝင်ရောက်လုပ်ကိုင်နေရပြီး အမျိုးသမီးတစ်ဦးလျှင် တစ်ရက် လုပ်အားခ ငွေကျပ် ၃၀၀၀ နှင့် အမျိုးသားတစ်ဦးလျှင် ငွေကျပ် ၄၀၀၀ နှုန်းရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိနေကြကြောင်း ပွင့်ဖြူမြို့နယ် ဒေးဒရဲကျေးရွာမှ ဒေသခံတောင်သူများထံက သိရသည်။  

ရဲဝင်းနိုင် (ညောင်ဦး)