ကောက်သစ်ပေါ်ချိန်တွင် ဆန်ကြိတ်ခွဲ၍ ရောင်းချခြင်းဖြင့် တောင်သူများ ဝင်ငွေရရှိနေ

ကျောက်ထု ဒီဇင်ဘာ ၂၅

မိုးစပါးများ ရိတ်သိမ်းချွေလှေ့ပြီးစီးပြီဖြစ်သည့်အတွက် တောင်သူများသည် မိမိတို့လယ်မှထွက်ရှိသည့် ကောက်သစ် စပါးများကို ကြိတ်ခွဲကာ ကောက်သစ်ဆန်များကို ရောင်းချခြင်းဖြင့် ဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။

ယခုနှစ်တွင် ကျောက်ထုမြို့ စိုက်ပျိုးရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် ဆင်းသုခစပါးမျိုးကို စိုက်ပျိုးရာ ရာသီဥတု ဒဏ်ခံနိုင်မှုရှိသည့်အပြင် အထွက်နှုန်းလည်းကောင်းမွန်ကြောင်း တောင်သူတစ်ဦးက ပြောပြသဖြင့် သိရသည်။

စပါးခွဲစက် ဟာလာစက်ငယ်ဖြင့် ကြိတ်ခွဲသူများကလည်း နေအိမ်အရောက် လာရောက် ကြိတ်ခွဲကြရာ လွယ်ကူမှုရှိပြီး ဆန်တစ်တင်းလျင် ကျပ်တစ်သောင်းခြောက်ထောင်ဖြင့် ရောင်းချကြကြောင်းနှင့် ဒေသတွင် ရောင်းဝယ်ကြသည့်အပြင် ကျောက်ထုမြို့နှင့် ဆက်စပ်လျက် ရှိသည့် ချင်းပြည်နယ် မင်းတပ်၊ မတူပီမြို့များသို့ ပို့ဆောင်ရေင်းချကြသည်လည်း ရှိကြောင်း သိရသည်။

စပါးကြိတ်ခွဲရာမှရရှိသည့် ဖွဲနု၊ ဆန်ကွဲများကိုလည်း ဈေးနှုန်းသတ်မှတ် ရောင်းချကြသည့်အပြင် ကောက်ဟောင်းဆန်ကို ပိုမို နှစ်သက်ကြပြီး ဈေးပိုရကြောင်း၊ ဆင်းသုခစပါးမျိုးမှာ ရာသီဥတုဒဏ် ခံနိုင်သည့်အပြင် အထွက်နှုန်း လည်းကောင်းသည့်အတွက် လာမည့်နှစ်တွင်လည်း ဆင်းသုခစပါးမျိုး ကို စိုက်ပျိုးကြမည်ဖြစ်ကြောင်း တောင်သူများ ပြောပြချက်အရ သိရှိရသည်။

မောဟေမာန် (ပြန်/ဆက်)