မင်းဘူးမြို့နယ်၌ မုန်ညှင်းနှင့် အခြားဟင်းသီးဟင်းရွက် သီးနှံစိုက် တောင်သူများ အောင်မြင် ဖြစ်ထွန်း၍ လုပ်ငန်းအဆင်ပြေ

 

မင်းဘူး   ဒီဇင်ဘာ   ၂၆

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာမှ တောင်သူများသည် မြေအောက်ရေဖြင့် ဟင်းသီးဟင်းရွက် သီးနှံမျိုးစုံကို စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် မုံညှင်းနှင့် အခြားဟင်းသီးဟင်းရွက် သီးနှံမျိုးစုံ စိုက်ပျိုး၍ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိကာ အဆင်ပြေလျက်ရှိကြောင်း ကျောက်တန်းကျေးရွာ မုန်ညှင်းစိုက်တောင်သူ ကိုထွေးထံမှ သိရ သည်။

ထိုသို့စိုက်ပျိုးရာတွင် ၄ နှစ်ခန့်ရှိပြီး ခြံအငှါးဖြင့် တစ်နှစ်လျှင် နှစ်သိန်းကျပ်ပေး၍ စိုက်ပျိုး ရကြောင်း၊ ငွေ ၇ သိန်းကျပ်ဖြင့် ရင်းနှီးစိုက်ပျိုးကာ ယခုမုန်ညှင်း လှိုင်လှိုင်ပေါ်သည့်အချိန်တွင် နေ့စဉ်ရက်ဆက်ချိုး၍ ရောင်းချနေရပြီး မုန်ညှင်းနှစ်ပင် တစ်စည်းလျှင် ၄၀ ကျပ်ဖြင့် ဖောက် သည်ပေး၍ မုန်ညှင်းတစ်မျိုးတည်း ဧကဝက်စိုက်ပျိုးထားကာ တစ်နေ့လျှင် ၆၀၀၀/၇၀၀၀ကျပ် အမြဲရနေကြောင်းလည်း သိရသည်။

တစ်ပိုင်တစ်နိုင် လုပ်ငန်းဖြစ်၍ ထွန်ယက်သည့်အချိန်နှင့် စိုက်ပျိုးသည့်အချိန်မှသာ အငှါး သမားဖြင့် ပြုလုပ်ကြပြီး သီးနှံပေါ်သည့်အချိန်တွင် မိသားစုများဝိုင်းဝန်း လုပ်ကိုင်၍ ရောင်းချ သည့်အတွက် အငှါးသမားများကို ပေးရမည့်ဝင်ငွေ တိုးလာလေသည်။ စိုက်ခင်းထဲတွင် ဗူး၊ နံနံပင်၊ ရွှေပဲသီး၊ မုန်ညှင်းနှင့် ငရုပ်ပင်များ စိုက်ပျိုးထားပြီး သီးနှံပင်များ တစ်မျိုးပြီး၊ တစ်မျိုး ပေါ်နေ သည့်အတွက် ဝင်ငွေမပြတ်ရရှိ၍ လုပ်ငန်းအဆင်ပြေကြောင်း ကျောက်တန်းကျေးရွာမှ မုန်ညှင်းနှင့် ဟင်းသီးဟင်းရွက် သီးနှံမျိုးစုံ စိုက်ပျိုးရောင်းချသူ ကိုထွေးကပြောသည်။

ဇေယျာထက် (မင်းဘူး)