ရှမ်းရွာသစ် ဒီဇင်ဘာ၂၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နှင့် ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနတို့မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ လူထုဗဟိုပြု စီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာ အုပ်စု၊ မဲကတောခီးကျေးရွာတွင် ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဒီဇင်ဘာလ(၁၇)ရက်နေ့က စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ယခုအချိန်တွင်(၃၀)ရာခိုင်နှုန်းပြီးစီးကြောင်း သိရှိရသည်။
အဆိုပါကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းသည် လူထုဗဟိုပြုစီမံကိန်းမှ ထောက်ပံ့ငွေ ကျပ်(၂၂၀)သိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အရှည်(၁၂၅)ပေ၊ အကျယ်(၁၂)ပေ၊ ထု (၆)လက်မရှိပြီး စီမံကိန်းတာဝန်ရှိသူများတို့၏ စနစ်တကျလမ်းညွှန်မှုနှင့် ကျေးရွာပြည်သူလူထုတို့၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းလုပ်ငန်းဆောင်ရွက်ပြီးစီးပါက ကျေးရွာနေပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး ယခင်ကထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရှိရသည်။
ဇင်လေး(ပြန်/ဆက်)