ကော့ကရိတ် ဒီဇင်ဘာ ၂၆
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ် လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် ကုလား ကျောက်ဖျာကျေးရွာအုပ်စု ကုလားကျောက်ဖျာကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်း ဆောင်ရွက်ပြီးစီးပြီ ဖြစ်သောကြောင့် ကျေးရွာလူထု၏ စိတ်ကျေနပ်မှုနှင့်ပတ်သက်၍ လူထုစစ်ဆေးပွဲကို ယမန်နေ့ကအဆိုပါကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ကုလားကျောက်ဖျာကျေးရွာဖွံဖြိုးရေးကော်မတီမှ ဦးဆောင်၍ အဆိုပါလမ်းအတွက် ဘဏ္ဍာရေး၊ ဝယ်ယူရေး၊ ကျားမရေးရာနှင့် ဝေဖန်အကြံပြုစာစောင်များ၊ လမ်း၏ရေရှည် ထိန်းသိမ်းမှုအတွက် လိုအပ်သော လည်ပတ်ပြုပြင် ထိန်းသိမ်းရေးအစီအစဥ်များ အဆိုပါလမ်း ဆောင်ရွက်နေစဉ်ကြုံတွေ့ခဲ့သော အခက်အခဲများ ကို သင်ခန်းစာယူပြီး လာမည့်နှစ်စီမံကိန်းများအတွက် ကြိုတင်ပြင်ဆင်မှုများစသည့် လုပ်ငန်းနှင့် ပတ်သက်၍ ဆောင်ရွက်ချက်တို့ကို ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် လုပ်ငန်းစဥ်နှင့် ရလဒ်များအတွက် ကျေရွာ ကော်မတီ /လူထုတို့မှ စိတ်ကျေနပ်မှု၊ မကျေနပ်မှုများ သိရှိစေရန် လျှို့ဝှက်မဲစနစ်ဖြင့် ဆောင်ရွက်ခဲ့ကြ သည်။
ရွာတွင်း ကွန်ကရစ်လမ်းကို အတိုင်းအတာအားဖြင့် (အရှည် ၁၀၈၀ ပေ x အကျယ် ၁၄ ပေ x အထူ ၆ လက်မ) ဖြင့် ဆောင်ရွက်ခဲ့ပြီး လူထုဗဟိုပြုစီမံကိန်းထောက်ပံ့ငွေကျပ် (၁၆၈) သိန်းနှင့် လူထုထည့်ဝင်ငွေကျပ် (၂၈) သိန်း တို့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း ၊ ထိုလမ်းဖြစ်မြောက်ရေး နည်းပညာအကူအညီများအားဖြင့် လူထုဗဟိုပြုစီမံကိန်း မှ လက်ထောက်နည်းပညာမှူး ဦးဇော်မင်ဦး ၊ လူထုစည်းရုံးရေးမှူး နန်းခင်ဌေးရီတို့မှ အနီးကပ်ကြီးကြပ်မှု၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ် နည်းပညာအကြံပေးအဖွဲ့တို့၏ စနစ်တကျ လမ်းညွန်မှု၊ ရပ်ရွာပြည်သူလူထုတို့၏ ပူးပေါင်းပါဝင်မှုများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ် သောကြောင့် ကုလားကျောက်ဖျာကျေးရွာမှ အိမ်ထောင်စု (၁၆၇)စု၊ လူဦး ရေ (၈၆၆) ဦး တို့အတွက် နှစ်စဉ်ကြုံတွေ့နေရသော မိုးရာသီ လမ်းပမ်းဆက်သွယ်ရေး ခက်ခဲခြင်းမှ ကင်းဝေးလျက်ကျန်းမာရေး ၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများအတွက် သွားရေးလာရေးလွယ်ကူ အဆင်ပြေလာပြီဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှပြောကြားချက်အရ သိရသည်။
ခင်မျိုးဝင်း(ပြန်/ဆက်)