ရန်ကုန် ဒီဇင်ဘာ ၂၆
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း သံဃာတော်များ ဆွမ်းကိစ္စခက်ခဲမှုများ မဖြစ်ပေါ်စေရန်ရည်ရွယ်၍ အလှူတော်ငွေ၊ ဆွမ်းဆန်နှင့် အခြေခံစားကုန် များကို တိုင်းမင်းကြီးမိသားစု၊ တိုင်းဒေသကြီး ၊ ခရိုင်နှင့် မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းများ မှ ယမန်နေ့ နံနက်ပိုင်းက သိမ်ဖြူရထားရပ်ကွက်ရှိ ရတနာ့ဗိမ္မာန်ပရိယတ္တိစာသင်ကျောင်းတိုက်သို့ လှူဒါန်း ဆပ်ကပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ လှူဒါန်းမှုတွင် တိုင်းမင်းကြီး ဦးစိုးစိုးအောင်နှင့် ဇနီး ဒေါ်နန်းချိုချိုပြုံးမိသားစုမှ ဆွမ်းဆန်စိမ်း (၂) အိတ်၊ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ အလှူငွေ (၂) သိန်းကျပ်၊ ရန်ကုန် အရှေ့ပိုင်းခရိုင်၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ဆီ (၁၀) ပိဿာနှင့် မင်္ဂလာတောင် ညွန့် မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်မှုအသင်းမှ ကြက်သွန်နီ (၁၅) ပိဿာ၊ အာလူး (၁၀) ပိဿာ နှင့် မျက်နှာ နှာခေါင်းစည်း ( Mask) ဘူး (၂၀) ကို ထည့်ဝင်လှူဒါန်းခဲ့ကြသည်။
ထိုသို့ လှူဒါန်းခဲ့ကြသည့် လှူဖွယ်ပစ္စည်းများအား မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်တင်မို့မို့ခိုင်နှင့် အဖွဲ့ဝင်များက ရတနာ့ဗိမ္မာန် ပရိယတ္တိစာသင်ကျောင်းတိုက်ဆရာတော်ထံ ဆပ်ကပ်လှူဒါန်း ပေးခဲ့ကြရာ ဆရာတော်မှ အလှူတော်အတွက် သာဓုအနုမောဒနာတရား ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)