လှိုင်းဘွဲ မြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာထားမှုအပေါ် မှားယွင်းမှုမရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

လှိုင်းဘွဲ ဩဂုတ် ၅

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်သူများသိရှိနားလည်စေရန် လှိုင်းဘွဲမြို့နယ်အတွင်းရှိ အမည်စာရင်းကပ်ထားကြေညာထားရှိမှုအပေါ် မှားယွင်းမှုမရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ 

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လှိုင်းဘွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဇော်ညွန့်နှင့် အဖွဲ့ဝင်ဦးဇော်ဇော်ဦးတို့က မဲစာရင်းကပ်ထားကြေညာထားရှိမှုနှင့်ပတ်သက်၍ အခက်အခဲရှိပါက တင်ပြရန်၊ မဲဆန္ဒရှင်စာရင်းဆိုင်ရာ မေးခွန်းနှင့် အဖြေများ၊ မဲဆန္ဒရှင်စာရင်း ကပ်ထားခြင်း ပထမအကြိမ်ရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲဆန္ဒရှင်စာရင်းများတွင် မပါဝင်ခြင်း၊ ကန့်ကွက်ခြင်း၊ အမည်မှားယွင်းစွာဖော်ပြခြင်း၊ စာလုံးပေါင်းသတ်ပုံမှားယွင်းခြင်း စသည့်ကိစ္စရပ်များနှင့်ပတ်သက်၍ သတ်မှတ်ထားသည့် ပုံစံစာရင်းတွင် ပြည့်စုံစွာဖော်ပြ၍ မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ ပြန်လည်ပြင်ဆင်နိုင်ရေးအတွက် စနစ်တကျတင်ပြသွားကြရန် မှာကြားခဲ့ပြီး မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်အိသဉ္ဇာအောင်က နေ့တွက်စာရိတ်များကို သတ်မှတ်ရက်အတွင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ရပ်ကွက်/ကျေးရွာကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ရေးကို အသိပေးပြောကြားခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)