ဂန့်ဂေါတွင် ဆောင်းသီးနှံ အဖြစ် ဆီထွက်သီးနှံ နေကြာကို စိုက်ပျိုး

ဂန့်ဂေါ ဒီဇင်ဘာ ၂၆

ဂန့်ဂေါမြို့နယ်တွင် ဆီထွက်သီးနှံဖြစ်သည့ နေကြာကို ယာမြေများတွင်လည်းကောင်း၊ မိုးစပါးအပြီး လယ်မြေများတွင် လည်းကောင်း စိုက်ပျိုးလျက်ရှိကြပြီး နေကြာကို သီးသန့် စိုက်ခင်းဖြင့် စိုက်ပျိုး သူများရှိသကဲ့သို့ ထောပတ်ပဲခင်းများတွင် သီးညှပ်အဖြစ် စိုက်ပျိုးသူများလည်းရှိကြောင်း သိရသည်။

ဂန့်ဂေါမြို့နယ်တွင် နေကြာကို လွန်ခဲ့သည့် ၁၆ နှစ်ကာလမှ စတင် စမ်းသပ်စိုက်ပျိုးခဲ့ကြသည်။ ဆန်ဖိုလာနေကြာကို စိုက်ပျိုးသူများပြားပြီး ရေဆင်းစပ်မျိုး(၁) ကို စိုက်ပျိုးသူလည်းရှိကြောင်း သိရ သည်။ “ ကျွန်တော်နေကြာစိုက်ပျိုးလာတာ ၁၀ နှစ်ကျော်ပါပြီ၊ အရင်က ဆောင်းသီးနှံအဖြစ် ထောပတ် ပဲ တစ်မျိုးတည်းကိုသာ စိုက်ပျိုးခဲ့တာပါ၊ အခုထောပတ်ပဲ ခင်းမှာ နေကြာညှပ်စိုက်တယ်၊ ထောပတ်ပဲ ၅ တန်း၊ နေကြာတစ်တန်း စနစ်နဲ့ပါ၊ ပဲလဲအထွက်မလျော့ဘူး နေကြာလဲ အပိုဆု အဖြစ်ရတယ်လေ၊ ဒါကြောင့်လဲ ဘာပဲစိုက်စိုက် နေကြာညှပ်စိုက် ဆိုတာကို လူသိများနေတာပေါ့ ၊ နေကြာသီးသန့် ကိုတော့ စပါးပြီးတဲ့အခါ လယ်မြေမှာ သီးထပ်အဖြစ် စိုက်ပျိုးသွားမှာပါ” ဟု စိုက်ပျိုးသူတောင်သူတစ်ဦးက ပြောသည်။

ယင်းသို့ ဆောင်းသီးနံနေကြာကို စိုက်ပျိုးရာတွင် ၂၀၁၈ ခုနှစ်က ၄၀၂၅ ဧက၊  ၂၀၁၉ ခုနှစ် ၄၄၈၄ ဧက စိုက်ပျိုး နိုင်ခဲ့ကြောင်းနှင့်  ယခုနှစ်တွင် ၃၂၉၀ ဧက စိုက်ပျိုးပြီးဖြစ်ကာ မိုးစပါးပြီးပါက လယ်မြေတွင် ဆက်လက် စိုက်ပျိုးကြရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

နေကြာစိုက်ပျိုးသည့်အခါ တစ်ဧကစိုက်လျင် ငွေကျပ် ၂ သိန်းကျော်သာကုန်ကျစရိတ်ရှိ၍ တစ်ဧက အထွက်နှုန်း တင်း ၅၀ ကျော်ရှိကြောင်း၊ နေကြာတစ်တင်းကို ကြိတ်ခွဲလျင် ဆီ ၄ ပိဿာခွဲ ထွက်ရှိကြောင်း ၊ နေကြာဆီတစ်ပိဿာလျှင် ကျပ် ငါးထောင် ပေါက်ဈေးရှိကြောင်း သိရသည်။

တောင်သားမောင်သန်း