ရန်ကုန် ဒီဇင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဒလသင်္ဘောဆိပ်ကမ်း၌ ခရီးသွား မိဘပြည်သူများ၊ မော်တော်ယာဉ်များ၊ ဆိုင်ကယ်များ နှင့် လူသွားလူလာများပြားသော လမ်းဆုံလမ်းခွနေရာများတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့၊ ဌာနဆိုင်ရာ များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိဘဲ သွားလာ နေကြသော ပြည်သူများ အား ကျန်းမာရေးအသိပညာပေးခြင်း၊ နှာခေါင်းစည်းနှင့် မျက်နှာအကာများ အခမဲ့ ပေးဝေခဲ့ကြသည်။
ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ညအချိန်၌ မြို့အဝင်ဂိတ်တွင် မြို့ဝင် မြို့ထွက် မော်တော်ယာဉ်များအား စည်းကမ်း သတ်မှတ်ချက် နှင့်အညီ ဝင်ထွက်သွားလာကြရန်၊ နှာခေါင်းစည်းများ တပ်ဆင်ကြရန် အသိပညာပေးခြင်းနှင့် ည ၁၂ နာရီမှ နံနက် ၄ နာရီအချိန်တွင်း ပြင်ပသို့သွားလာခြင်းများ မပြုလုပ်ကြစေရေးနှင့် လိုက်နာဆောင်ရွက်ကြစေရေးအတွက် ယာဉ်စစ် ပိတ်ဆို့ စစ်ဆေးခြင်းများကို ပြုလုပ်လျက်ရှိပြီး ဒေသန္တရအမိန့် လိုက်နာခြင်းမရှိဘဲ ပြင်ပသို့ သွားလာသူ အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၅ ဦး၊ စုစုပေါင်း ၂၁ ဦးတို့ကို အရေးယူ ဆောင်ရွက်ထားကြောင်း ဒလမြို့မရဲစခန်းမှ သိရသည်။
နိုင်လင်းကျော်(ဒလ)