ပခုက္ကူ ဒီဇင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် ညောင်ပင်-ကျည်းပင်ခုံကျေးရွာရှိ ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးဧက (၄၄၀)ကျော် အကျိုးပြုဖြစ်ထွန်းမည့် ကုန်ထုတ်လမ်းတစ်လမ်း ဖောက်လုပ်ပေးလျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ် တွင် မူလခွင့်ပြုငွေကျပ် ၂၆သန်းဖြင့် ပခုက္ကူမြို့နယ် ညောင်ပင်-ကျည်းပင်ခုံကျေးရွာတွင် အရှည်တစ်မိုင်တစ်ဖာလုံနှင့် အကျယ် ၁၂ပေရှိသည့် (မြေနီကျောက်စရစ်ခင်းခြင်း)ကုန်ထုတ်လမ်းတစ်လမ်းကို တင်ဒါအောင်မြင်သည့် Development Way ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်ဖောက်လုပ်ပေးလျက်ရှိပြီး လုပ်ငန်းစံချိန်စံညွှန်းအရည်အသွေးများ နှင့်ကိုက်ညီအောင် ဆောင်ရွက်ထားရှိမှု ရှိ/မရှိ အခြေအနေတို့ကို ပခုက္ကူမြို့နယ် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇင်နီနီဝင်း၊ ပခုက္ကူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဇာဝင့်နှင့် ဝန်ထမ်းများက ယမန်နေ့ နေ့လယ် ၁၁ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး လုပ်ငန်းကာလသတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးအောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး နည်းပညာဆိုင်ရာလိုအပ်သည်များကို ပေါင်းစပ် ဆောင်ရွက် ပေးကြကြောင်း သိရသည်။
ကုန်ထုတ် လမ်းဖောက်လုပ်မှုရာနှုန်းပြည့်ပြီးစီးပါက အဆိုပါကျေးရွာများရှိ ကျေးလက်နေတောင်သူ ၈၅ ဦး၏ စိုက်ပျိုးမြေဧက ၄၄၀ ဧက အတွက် အကျိုးပြုဖြစ်ထွန်းမည်ဖြစ်ကြောင်း သိရသည်။
ဆလိုင်းကိုကီး