ငလျင်ဘေးအန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဇာတ်တိုက် လေ့ကျင့်

ကန့်ဘလူ ဒီဇင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ခရိုင်နှင့်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက ငလျင်ဘေးအန္တရာယ် ကျရောက် လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းများကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် မီးသတ်စခန်း၌ လက်တွေ့လေ့ကျင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“ပြည်သူများ ဘေးအန္တရာယ်ကြုံတွေ့လာပါက အရေးပေါ် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက် ပေးနိုင်ရန် မီးဘေးလုံခြုံရေးလုပ်ငန်းများအပြင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးလေ့ကျင့်ခန်းများကို လက်တွေ့ ဇာတ်တိုက်လေ့ကျင့်ခြင်းဖြစ်ပါတယ်” ဟု မြို့နယ်မီးသတ် ဦးစီးမှူး ဦးမိုးကျော်သူကပြောသည်။

ထိုသို့ ဇာတ်တိုက်လေ့ကျင့်ရာတွင် မီးသတ်တပ်ဖွဲ့ဝင်များက ငလျင်ဘေးအန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များ ဆောင်ရွက်နိုင်ရန်အတွက် အဆောက်အဦးအတွင်း ပိတ်မိနေသောလူနာ များအား ရှာဖွေကယ်ဆယ်ခြင်း၊ အဆိုပါ လူနာများကို ရှေးဦး သူနာပြုစုခြင်း၊ အသက်ရှူကိရိယာ(B.A Set) ဝတ်ဆင်နည်းဖြင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ လက်တွေ့ ဆောင်ရွက် ခဲ့ကြသည်။

ရာသီဥတုပြောင်းလဲမှု၏ ဆိုးကျိုးသက်ရောက်မှုများ ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံသည်လည်း အမျိုးမျိုးသော သဘာဝဘေး အန္တရာယ်များ ကြုံတွေ့ခံစားရသည့်နိုင်ငံများထဲတွင်ပါဝင်နေပြီး ငလျင်ဘေးအန္တရာယ်ဖြစ်ပွားမှုအနေဖြင့် ၂၀၁၇ ခုနှစ်တွင် ၆၆ ​ကြိမ်၊ ၂၀၁၈ ခုနှစ်တွင် ၁၄၇ ကြိမ် ၊၂၀၁၉ ခုနှစ်တွင် ၁၆၉ ကြိမ် ၊ ၂၀၂၀ ပြည့်နှစ်တွင် ဇန်နဝါရီလမှ ဒီဇင်ဘာ ၁၇ ရက်နေ့ထိ ၁၉၈ ကြိမ်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)