ရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်)၌ ဓာတုဗေဒ မီးငြှိမ်းသတ်ယာဉ်ဖြင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့ လေ့ကျင့်

သန်လျင် ဒီဇင်ဘာ ၂၆

မြန်မာနိုင်ငံအတွင်း တိုးတက်လာသော စက်မှုဇုန်များနှင့် စက်ရုံ၊ အလုပ်ရုံများတွင် မီးဘေးကြိုတင် ကာကွယ်ရေးနှင့် ခေတ်မီ စက်ကိရိယာများဖြင့် မီးငြှိမ်းသတ် လက်တွေ့လေ့ကျင့်ခြင်းများအား မီးသတ်ဦးစီးဌာနမှ အကြီးအကဲများ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့်  မီးသတ် တပ်ဖွဲ့ဝင်များက စဉ်ဆက်မပြတ် လေ့ကျင့်မှုများ လုပ်ဆောင်လျက်ရှိရာ ရန်ကုန်တောင်ပိုင်းခရိုင်၊ မီးသတ်ဦးစီးဌာနမှ ဓာတုဗေဒ မီးငြှိမ်းသတ်ယာဉ်ဖြင့် လက်တွေ့မီးငြှိမ်းသတ် လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိကြောင်း ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါ ရန်ကုန်တောင်ပိုင်းခရိုင် မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။

ထိုသို့ လက်တွေ့လေ့ကျင့်မှုများ ဆောင်ရွက်ရာတွင် ရန်ကုန်တောင်ပိုင်းခရိုင် မီးသတ်ဦးစီးဌာန ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်လွင်ဦးမှ ဦးဆောင်ကာ ခရိုင်မီးသတ်တပ်ဖွဲ့ဝင်များ၊ သန်လျင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ အထူးမီးသတ်ယာဉ်ဖြစ် သည့် Dry Chemical Powder Foam Fire Truck (နှစ်မျိုးသုံး) ဓာတုဗေဒ မီးငြှိမ်းသတ်ယာဉ်၏ လုပ်ဆောင်ချက်များနှင့် အသုံးပြုပုံ၊ မီးငြှိမ်းသတ် နည်းစနစ်များအား သန်လျင်မြို့နယ် ကျိုက်ခေါက်ဘုရား အနောက်ဘက်ကွင်းတွင် လက်တွေ့ လေ့ကျင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဓာတုဗေဒ မီးငြှိမ်းသတ်ယာဉ် (Chemical Firefighting Truck) သည် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ၊ ဈေးများ၊ ဆေးရုံများ၊ လူနေအိမ်များနှင့် အခြား နေရာများ တွင် ရေဖြင့် မီးငြှိမ်းသတ်မရသည့် ဓာတုဗေဒ မီးလောင်မှုများ ဖြစ်ပွားပေါ်ပေါက်လာပါက ထိရောက် စွာ မီးငြှိမ်းသတ်နိုင်ရေးအတွက် ရန်ကုန်တောင်ပိုင်းခရိုင် မီးသတ်စခန်းတွင် အသင့်အနေ အထားဖြင့် တာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန်တောင်ပိုင်းခရိုင် မီးသတ်ဦးစီးဌာနမှ ဦးဆောင်မှုဖြင့် ခရိုင်နှင့်မြို့နယ် မီးသတ် တပ်ဖွဲ့ဝင်များ အား ခေတ်မီ စက်ကိရိယာများဖြင့် မီးငြှိမ်းသတ်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအား စဉ်ဆက်မပြတ် လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိပြီး ပြည်သူများအနေဖြင့် ရန်ကုန်တောင်ပိုင်းခရိုင် အတွင်း မီးလောင်မှုများနှင့် အခြားသော သဘာဝဘေး အန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အရေးပေါ် တယ်လီဖုန်းနံပါတ် ၁၉၁၊ ၀၅၆ ၂၁၅၀၂၊ ၀၅၆ ၂၁၀၅၈ သို့ ၂၄ နာရီ ဆက်သွယ်နိုင်ကြောင်း သိရသည်။

သက်ခိုင် (သန်လျင်)