ကော့မှူး ဒီဇင်ဘာ ၂၆
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် လူထုအခြေပြုဖျားနာကု ဆေးခန်းဖွင့်လှစ်နိုင်ရေး ညှိနှိုင်း ဆွေးနွေးပွဲကို ယနေနံနက် ၁၁ နာရီက မြို့သစ်ရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တယာယီရုံး၌ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိုင်းဦးစီးမှူး ဒေါက်တာချစ်ကိုဟန်နှင့် အင်းစိန်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှဆေးရုံအုပ်ကြီး ပါမောက္ခဒေါက်တာမာမာကြည်တို့က ကိုဗစ်-၁၉ ရောဂါကြောင့် ဆေးခန်းအများစုအား ပိတ်ထားရာ ပြည်သူ့များအတွက် ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ရန် ရည်ရွယ်၍ အခြားမြို့နယ်များတွင် အခမဲ့ဆေးခန်းများ ဖွင့်လှစ်ပေးခဲ့ပြီး ကော့မှူးမြို့နယ်တွင်လည်း ဖျားနာကု အခမဲ့ဆေးခန်းဖွင့်လှစ်နိုင်ရေးအတွက် မြန်မာနိုင်ငံဆရာဝန်များအသင်း တို့နှင့်ပူးပေါင်း၍ ဆောင်ရွက်သွားမည့် အခြေအနေများအား အသေးစိတ်ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်ဝင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းဌေးတို့က မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန အရှေ့ပိုင်းခရိုင်ကုသရေးဦးစီးမှူး (ငြိမ်း)ဒေါ်သီတာကြူနှင့် တာဝန်ရှိသူများက အခမဲ့ဆေးခန်းအတွက် စီမံ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့ အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာအေး၊ အမှတ် (၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းအောင်၊ တိုင်းဒေသကြီးပြည်သူ့ကျန်း မာရေးဦး စီးဌာနမှ ဒေါက်တာချစ်ကိုဟန်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထက်ဝင်း၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသန်းဌေး၊ အင်းစိန်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ပါမောက္ခ ဒေါက်တာမာမာကြည်၊ မြန်မာနိုင်ငံ ဆရာဝန်များအသင်းမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်သူရ(ကော့မှူး)