ဘားအံ ဒီဇင်ဘာ ၂၇
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သံလွင်မြစ်အနောက်ဘက်ကမ်း ကျေးရွာများရှိ ရေတွင်းရေကန် အင်းအိုင်အချို့တွင် ရေအရောင် ပြောင်းလဲခြင်းနှင့် စပ်လျဉ်း၍ ကျေးရွာသူ၊ ကျေးရွာသားများအား အသိပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ပန်းကုန်း ကျေးရွာအုပ်စု၊ ကော့ပတိုင်ကျေးရွာ အလယ်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်နှင့် လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင် တို့က ၂၀၁၉ ခုနှစ် အောက်တိုဘာလခန့်က ဘားကပ်၊ ရသေ့ပျံ၊ ပန်းကုံး၊ ငနက်ပြာ ကျေးရွာအုပ်စု များရှိ အင်း၊ အိုင်၊ ရေတွင်း၊ ရေကန် အချို့တွင် ဖြစ်ပေါ်ခဲ့သည့် ရေအရောင်ပြောင်းလဲမှုနှင့် ပတ်သက်၍ ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ FDA ၊ ငါးလုပ်ငန်းဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် နှီးနွယ်ဆက်စပ်နေသော ဌာနများက ဆောင်ရွက်ခဲ့သည့် ဓါတ်ခွဲစမ်းသပ်စစ်ဆေးမှု ရလာဒ်အဖြေများ၊ ကျေးရွာနေပြည်သူများ သန့်ရှင်းသော သောက်သုံး ရေ ရရှိရေးအတွက် ရေတွင်းရေကန်များ တူးဖော်ဆောင်ရွက်ပေးခဲ့မှု အခြေအနေများ၊ ဒေသဖွံ့ဖြိုးရေးဆောင်ရွက် ပေးခဲ့မှုအခြေ အနေများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် ဘားအံခရိုင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက သံလွင်မြစ် အနောက် ဘက်ကမ်း ကျေးရွာများတွင် ရေအရောင်ပြောင်းလဲခြင်းကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော ဘားကပ်၊ ရသေ့ပျံ၊ ပန်းကုံး၊ ငနက်ပြာ ကျေးရွာအုပ်စုများရှိ ကျေးရွာများမှ ဒေသခံပြည်သူများနှင့် သတင်းမီဒီယာများက သိရှိလို သည်များ မေးမြန်းဆွေးနွေးကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများက ပြန်လည် ရှင်းလင်း ဖြေကြား ခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း (ပြန်/ဆက်)