မော်လိုက်မြို့၌ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ အမျိုးသားတစ်ဦး တွေ့ရှိ

မော်လိုက်      ဒီဇင်ဘာ      ၂၇

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် Facility Quarantine စင်တာ၌ အသွားအလာ ကန့်သတ်စောင့်ကြည့်ခံနေသူ ကုန်တင်ကား ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်(၆)ဦးအား ယနေ့ နံနက် ၁၀ နာရီ က ကျန်းမာရေး ဝန်ထမ်းများမှ RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ အမျိုးသားတစ်ဦး တွေ့ရှိခဲ့ကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူသည် မုံရွာမြို့နယ် ကျွန်းကြီးရွာတွင် နေထိုင်သူဖြစ်ပြီး ဒီဇင်ဘာ ၂၄ ရက်နေ့က ၎င်း၏ အမျိုးသမီး နှင့်အတူ မုံရွာမြို့ နန္ဒဝန်ရပ်ကွက် သီရိမင်္ဂလာလမ်း၌ ၎င်းငှားရမ်းနေထိုင်သော အိမ်တွင်ခေတ္တနားခဲ့ပြီး မုံရွာမြို့မှ မော်လိုက်မြို့သို့ ကုန်စည်များ တင်ဆောင်ကာ ၎င်း၏ အမျိုးသမီး၊ ယာဉ်မောင်းတစ်ဦး တို့နှင့်အတူ ဆက်လက်ထွက်ခွာလာရာ မင်းကင်းမြို့နယ် ယာကြီးလမ်း ခိုင်စံပယ် ထမင်းဆိုင်တွင် ခေတ္တဝင်နားခဲ့ကြောင်း၊  ဒီဇင်ဘာ ၂၅ ရက်နေ့တွင် ၎င်း၏ ဇနီးမှာ ကလေးဝမြို့နယ် မန်ဖာကြီးကျေးရွာတွင် ရပ်နားနေသော အောင်ဇေယျာကျော် မော်တော်ရေယာဉ်သို့ ဆင်းနေခဲ့ပြီး ဆက်လက် မောင်းနှင်ခဲ့ရာ ယင်းနေ့ နံနက်ပိုင်းတွင် မော်လိုက်မြို့ အခြေခံပညာအထက်တန်းကျောင်း Facility Quarantine Centre တွင် ရောက်ရှိနေထိုင်ခဲ့ကြောင်း သိရသည်။

ယင်းနောက် ယနေ့ နံနက်ပိုင်းတွင် မော်လိုက် အ.ထကကျောင်း Quarantine Centre တွင် ဝင်ရောက်နေသော ကုန်တင်ကား ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကျန်းမာရေး ဝန်ထမ်းများမှ RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ အမျိုးသား တစ်ဦးအား တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းရောဂါပိုးတွေ့ရှိသူအား မော်လိုက်ခရိုင်ပြည်သူ့ဆေးရုံရှိ Isolation Room တွင် သီးသန့်ထားရှိကာ ကုသပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုနှင့် ပတ်သက်၍ ၎င်းနှင့်ထိတွေ့ခဲ့သူ ယာဉ်မောင်း ယာဉ်နောက်လိုက်(၉) ဦးတို့အား မော်လိုက် အ.ထ.က ကျောင်းရှိ Quarantine စင်တာတွင် အသွားအလာ ကန့်သတ်စောင့်ကြည့်လျက်ရှိပြီး ကျန်ထိတွေ့ ခဲ့သူများ အား Quarantine စင်တာများတွင် ထားရှိနိုင်ရေး သက်ဆိုင်ရာ​မြို့နယ် ဌာနဆိုင်ရာများနှင့် ချိတ်ဆက် ဆောင်ရွက် လျက်ရှိ ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး ထံမှ သိရသည်။

မော်လိုက်သားလေး