စစ်ကိုင်းမြို့နယ်အတွင်း မိုးသီးနှံ၊ ဆောင်းသီးနှံ စိုက်ပျိုးတောင်သူများသို့ အစားအစာဘေးအန္တရာယ် ကင်းရှင်းရေး နည်းပညာပေး

စစ်ကိုင်း ဒီဇင်ဘာ  ၂၇

စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အစီအစဉ်ဖြင့် တဲကြီးမြို့မနည်းပညာပြန့်ပွားရေးစင်တာများမှ တာဝန်ခံများနှင့် စိုက်ပညာ ရှင် ဝန်ထမ်းများသည် ယမန်နေ့၊ နံနက်ပိုင်းက ဆင်တပ်ကျေးရွာ ကွင်းအမှတ်(၈၃၈)၊ (၈၄၂/၁၇၂၉) တောင်သူဦးဆွေ၊ ဦးသက်၊ ဦးညွန့်ဝင်းတို့၏ ဆောင်းသီးနှံ တိုင်ထောင်ပဲ (ဧကရီ-111)၊ ခရမ်းချဉ်( 909) စိုက်ခင်းများသို့ သွားရောက်၍ အစား အစာများ ဘေးအန္တရာယ် ကင်းရှင်းစေရန် နည်းပညာ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့ ဌာနအနေနဲ့ မြို့နယ်အတွင်း မိုးသီးနှံ၊ ဆောင်းသီးနှံ စိုက်ပျိုးတောင်သူတွေကို သီးနှံအထွက်နှုန်း ကောင်းစေရန်၊ စိုက်ခင်းများ အတွင်း ပိုမွှားကျရောက်မှုကြိုတင် ကင်းထောက်ကာကွယ်ရန်၊ သဘာဝပိုးပြေးဆေး ပြုလုပ်သုံးစွဲရန်၊ မှိုရောဂါ ကာကွယ်နိုင်စေရန်၊ ငါးအမိုင်နိုအားဆေး ပြုလုပ်သုံးစွဲရန်နဲ့ EM- ဘိုကာရှီ မြေဆွေးပုံ ပြုလုပ်သုံးစွဲခြင်းဖြင့် ရရှိလာမဲ့ အကျိုး ကျေးဇူးတွေကို နည်းပညာပေး ဆွေးနွေးပါတယ် နောက်ပြီး ဓာတုပစ္စည်းတွေ မလိုအပ်ပဲ မသုံးစွဲကြဖို့ ဓာတုဓာတ်ကြွင်းအန္တရာယ် အကြောင်းကိုလည်း နည်းပညာပေးဆွေးနွေးပါတယ်" ဟု တဲကြီးမြို့မနည်းပညာပြန့်ပွားရေးစင်တာမှ တာဝန်ခံတစ်ဦးက ပြောပြ၍ သိရသည်။

စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မိုးသီးနှံ၊ ဆောင်းသီးနှံ စိုက်ပျိုးတောင်သူများအား စိုက်ပျိုးရေး အခက်အခဲများ ရှိပါက သက်ဆိုင်ရာ နည်းပညာပြန့်ပွားရေး စင်တာများနှင့် ချိတ်ဆက်၍ အချိန်နှင့် တစ်ပြေးညီ ဆွေးနွေးမေးမြန်း နိုင်ကြောင်း လည်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနရုံးမှသိရသည်။

ဇော်မြင့်နိုင် (ခရိုင် ပြန်/ဆက်)