သန်လျင် ဒီဇင်ဘာ ၂၇
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ရှိ ကုတင် ၂၀၀ ဆံ့ အထွေထွေ ရောဂါကုဆေးရုံကြီးသည် သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊ တံတားမြို့များမှ အခြေခံပြည်သူများ အားထားရာ ပြည်သူ့ဆေးရုံကြီး ဖြစ်သည်နှင့်အညီ ရောဂါရှာဖွေကုသရေး လုပ်ငန်း စဉ်များကို ဆေးရုံ အုပ်ကြီး၏ စီစဉ်ကြီးကြပ်မှု ဖြင့်ကုသဆောင်ရွက်ပေးလျက်ရှိသည်။
သန်လျင်အထွေထွေရောဂါကု ဆေးရုံကြီး သန့်ရှင်းသာယာလှပရေးအတွက် ယမန်နေ့ နံနက်က ပြည်သူလူထု အခြေပြု Together Thanlyin အဖွဲ့က ဆေးရုံကြီး အတွင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ အများသုံး အိမ်သာများ ဆေးကြောသန့်စင်ခြင်း၊ ချုံနွယ်များ ရှင်းလင်းခြင်း၊ ရေမြောင်းများအတွင်း စွန့်ပစ်ထားသော အမှိုက်များ ရှင်းလင်းခြင်း၊ ဆေးဖျန်းခြင်း လုပ်ငန်း များကို ဆေးရုံကြီး သန့်ရှင်းရေး ဝန်ထမ်းများနှင့် ပူးပေါင်း၍ ဆောင်ရွက်ပေးခဲ့သည်။
ယင်းသို့ ဆောင်ရွက်ရာသို့ ဆေးရုံအုပ်ကြီး ဒေါက်တာချိုချိုလွင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေး၍ လိုအပ်သည်များ ကူညီ ဆောင်ရွက် ပေးကြသည်။ Together Thanlyin လူထု အခြေပြုပရဟိတ အဖွဲ့အနေဖြင့် ဆေးရုံကြီး၌ သွေးလိုအပ်မှုများပြား နေချိန်၊ ကိုဗစ်လူနာများ ကန့်သတ် နေရာများသို့ ပို့ဆောင်ရေး လုပ်ငန်းများ၊ အရေးပေါ် လူနာတင်ယာဉ် ကူညီပေး နေမှုများကို အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း အဆိုပါအဖွဲ့မှ ကိုဝင်းကို၏ ပြောကြားချက်အရ သိရသည်။
သန်းဝင်း (သန်လျင်)