ကြို့ပင်ကောက် ဒီဇင်ဘာ ၂၇
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်သည် ၂၆ ရက်နေ့ ည(၈) နာရီအချိန်ခန့်တွင် အနံ့မရသဖြင့် RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိရကြောင်းသိရသည်။
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်သည် သာယာဝတီမြို့သို့ ခရီးသွားခဲ့ကြောင်း မြို့နယ်အတွင်း တွေ့ရှိရသော ကိုဗစ်-၁၉ အတည်ပြု လူနာများအား သွားရောက် ခေါ်ယူပြီး လိုအပ်သည်များမှာကြားကာ သက်ဆိုင်ရာ စောင့်ကြည့်ကုသရေးဌာနများသို့ ပို့ဆောင်ပေးခြင်း များကို လည်း ပြုလုပ်နေသူဖြစ်သဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ထိတွေ့ဆက်စပ်ခဲ့သော မိသားစုဝင်-၂ ဦးနှင့် ဒီဇင်ဘာလ ၂၄ ရက်နေ့ ညနေ ၄ နာရီအချိန်က စည်ပင်ကော်မတီအသစ်ရွေးချယ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခဲ့သောဝန်ထမ်း ၃၅ ဦး တို့အား Home Quarantine ထားရှိကာ ယနေ့နေ့လည် ၁၁ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ အားလုံး Negative ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပြီး ထပ်မံပြီး တစ်ပတ်အကြာတွင် နှာခေါင်းတို့ဖက်ရယူပြီး အမျိုးသားဓါတ်ခွဲမှု ဆိုင်ရာဌာန ရန်ကုန်သို့ ပေးပို့စစ်ဆေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။
ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရသော မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်သည် ကိုဗစ်-၁၉ ရောဂါ အတည်ပြု အဖြေထွက်ပြီး ရုံးခန်းအတွင်းမှ လိုအပ်သောပစ္စည်းများကို ယူဆောင်ကာ ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်ကုသရေးစင်တာ တိုင်းရင်းဆေးရုံသို့ ကိုယ်တိုင်သွားရောက်ပြီး ကျန်းမာရေး စောင့်ရှောက်မှု ခံယူလျက်ရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး၏ ကျန်းမာရေးအခြေအနေကောင်း မွန်လျက်ရှိကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)