ပွင့်ဖြူမြို့နယ်အတွင်း ကျေးလက်ဒေသ မီးဘေးလုံခြုံရေး ကွင်းဆင်းအသိပညာပေး

ပွင့်ဖြူ ဒီဇင်ဘာ ၂၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသခံ ကျေးလက်နေ ပြည်သူများ မီးဘေးကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးဘေးလုံခြုံစိတ်ချရမှု ရှိစေရန်အတွက် ယမန်နေ့ နံနက်ပိုင်းက မြို့နယ် မီးသတ် ဦးစီးအရာရှိ ဦးအောင်သီဟ ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ပွင့်ဖြူမြို့နယ် ဉယျာဉ်ကျစ် ကျေးရွာအုပ်စု၊ ရှောက်တောကျေးရွာသို့ သွားရောက်ပြီး မီးဘေးကြိုတင် ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်း ဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ် ဦးစီးအရာရှိ ဦးအောင်သီဟ မီးသတ်တပ်ဖွဲ့ဝင်များက ကျေးလက်နေ ပြည်သူများနှင့် တွေ့ဆုံ၍ မြို့နယ်အတွင်း မီးလောင်မှုနှင့် မီးလန့်မှုမဖြစ်ပွားစေရေး၊ မီးဘေး အန္တရာယ် ကြုံတွေ့ပါက မီးငြှိမ်းသတ်ရေး လုပ်ငန်းများ အချိန်မီ ကူညီဆောင်ရွက်နိုင်ရေး၊ မီးဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ လျော့နည်း ရေး၊ မီးဘေးလုံခြုံရေးအတွက် ထမင်းဟင်းများ ချက်ပြုတ်ရာတွင် လျှပ်စစ်မီးများ စနစ်တကျ ကိုင်တွယ်အသုံးပြုရေး၊ ထင်း၊ မီးသွေး များဖြင့် ချက်ပြုတ်ပါက ချက်ပြုတ်ပြီးသည်နှင့် မီးကြွင်းမီးကျန်များကို စနစ်တကျ ငြှိမ်းသတ်ထားရှိရေး စသည့် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ လိုက်နာရမည့် အချက်များကို အသိပညာပေး ရှင်းလင်းဆွေးနွေး ဟောပြောပြီး တစ်အိမ်တက်ဆင်း သွားရောက်ကာ မီးဘေးလုံခြုံ စိတ်ချရမှု ရှိ/မရှိ၊ အရေးပေါ် မီးငြှိမ်းသတ်ရေး ပစ္စည်းများ ဆောင်ရွက်ထားမှု ရှိ/မရှိ တို့ကို ကွင်းဆင်းစစ်ဆေး ခဲ့ကြကြောင်း သိရသည်။

ယခုကဲ့သို့ ကျေးလက်ဒေသ မီးဘေးလုံခြုံရေးအတွက် မီးဘေးကြိုတင် ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းကို ကျန်ရှိသည့် ကျေးရွာများအား စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ် ဦးစီးအရာရှိ ဦးအောင်သီဟ ထံမှ သိရသည်။

ရဲဝင်းနိုင် (ပြန်/ဆက်)