ဂန့်ဂေါ ဒီဇင်ဘာ ၂၇
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ယနေ့နံနက် ၉ နာရီခွဲက ဂန့်ဂေါမြို့နယ် ပန်းထိပ်ရွာ အထက(ခွဲ)တွင် သက်ဆိုင်ရာ ကျေးရွာများသို့ ရန်ပုံငွေများ ထောက်ပံ့ပေးအပ်သည်။
ထိုသို့ ထောက်ပံ့ရာတွင် ပန်းထိပ် အထက(ခွဲ)ကျောင်းတွင် အလျား ၁၂၀ ပေ၊ အနံ ၃၀ ပေရှိ တစ်ထပ်၊ သွပ်မိုး၊ အုတ်ညှပ် အဆောက်အအုံ ဆောက်လုပ်ရန် ငွေကျပ် ၂၂၀ သိန်း၊ ပြင်သာကျေးရွာတွင် ကျေးရွာချင်းဆက်လမ်း ပြုပြင် ဖောက်လုပ်ရန်၊ ငွေကျပ် သိန်း ၂၀၀၊ မောလယ်ရွာ အထက(ခွဲ) ကျောင်းဆောင် ဆောက်လုပ်ရန် ငွေကျပ် ၉၉ သိန်း ၇ သောင်းတို့နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် လျှပ်စစ်မီးကြိုးနှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ရန် ငွေကျပ် ၂၈ သိန်း ၅ သောင်း ၈ ထောင် ၃ ရာကျပ်တို့ကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က သက်ဆိုင်ရာ တာဝန်ရှိသူများထံ ပေးအပ်ထောက်ပံ့ခြင်းဖြစ်သည်။
အဆိုပါ ထောက်ပံ့ရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေး၊ ခရိုင်ကျေးလက်လမ်း ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ဇော်မင်း၊ မြို့နယ်ပညာရေးမှူး ဦးအောင်ဝင်းတို့နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
ထင်အောင်နိုင် (ပြန်/ဆက်)