ပေါင်မြို့မင်္ဂလာစျေးတွင် အမွှေးတိုင်မီးမှတစ်ဆင့် ဆိုင်ခန်း ၄ ခန်းမီးလောင်မှုဖြစ်

ပေါင် ဩဂုတ် ၅

သထုံခရိုင်၊ ပေါင်မြို့ ကဒါရပ်ကွက်၊ မင်္ဂလာစျေးတွင် ယမန်နေ့ည ၉ နာရီဝန်းကျင်ခန့်က အမွှေးတိုင်မီးမှ တစ်ဆင့် စျေးဆိုင်ခန်း ၄ ခန်း မီးလောင် ကျွမ်းခဲ့ကြောင်း သိရသည်။

"ညက၉နာရီကျော်လောက်မှာ စျေးထဲက ဗျောက်အိုးဖောက်သံလိုမျိုး ပေါက်ကွဲသံကြားလို့ ထွက်ကြည့်တာ စျေးဆိုင်ခန်းတချို့ မီးဆွယ် တက်နေတာတွေ့တယ်။ စျေးဆိုင်ခန်း ၄ ခန်းတော့ မီးလောင်ကျွမ်းခဲ့ပါတယ်။ ဆိုင်ကတော့ အထည်နဲ့အလှကုန်ပစ္စည်းတွေ ရောင်းတဲ့ဆိုင်ပါ" ဟု ကဒါရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းထွေးမှ ပြောသည်။

အဆိုပါ မီးလောင်ကျွမ်းရာသို့ ပေါင်မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးငြိမ်းသတ်ယာဉ်၊ ကဒါရပ်ကွက်ရှိ မီးငြိမ်းသတ်ယာဉ်နှင့် ဒေသခံပြည်သူတို့မှ အချိန်မှီ မီးငြှိမ်းသတ်နိုင်ခဲ့ခြင်းကြောင့် လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။ မီးလောင်ကျွမ်းမှုကြောင့် ဒေါ်ကာလီမာ (၃၃) နှစ် ဆိုင်ခန်း အပါအဝင် စျေးဆိုင်ခန်း ၄ ခန်းပျက်စီးခဲ့ကာ တန်ဘိုးငွေကျပ် ၉ သိန်းခန့် ဆုံးရှုံးခဲ့ပြီး ယင်းဖြစ်စဉ်ကြောင့် ဥပဒေအရ အရေးယူနိုင်ရန် တာဝန်ရှိ သူများမှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝင်းမင်းသန်း (ပြန်/ဆက်)