ရေး ဒီဇင်ဘာ ၂၇
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ၊ ရှေးဦးသူနာပြုစုခြင်းလုပ်ငန်းများ၊ သဘာဝဘေးဆိုင်ရာ လုပ်ငန်းများနှင့် အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင် ကူညီ လုပ်ဆောင်ကြသည့် မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့သည့် ရှေးဦးပြုစုခြင်း သာမန်သင်တန်း အမှတ်စဉ် (၁/၂၀၂၀)သင်တန်းဆင်းပွဲကို ယနေ့ နံနက်(၉)နာရီခွဲက အဆိုပါ မြို့နယ်ကြက်ခြေနီ အသင်းခွဲရုံး၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါသင်တန်းဆင်းပွဲကို မြို့နယ်ကြက်ခြေနီအသင်းခွဲနာယက၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက သင်တန်းဆင်း အဖွင့် အမှာစကား ပြောကြားပြီး မွန်ပြည်နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှူး ဦးကျော်မြင့်နှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဦးညွန့်ဆွေတို့က အမှာစကားပြော ကြားပြီးနောက် သက်ဆိုင်ရာ တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်း သား ထူးချွန်ဆုများ ပေးအပ်ခဲ့ရာ အဖွဲ့လိုက် အကောင်းဆုံးဆု၊ သင်တန်းတွင်ထူးချွန် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသူ များကို ဆုများချီးမြှင့်ခြင်း၊ အလှူရှင်များလှူဒါန်းသော အောက်ဆီဂျင်အိုး၊ ရုံးသုံးပစ္စည်းနှင့် အလှူငွေများကို လက်ခံကာ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
ရေးမြို့နယ်တွင် ဖွင့်လှစ်သော အဆိုပါသင်တန်းသည် ကိုဗစ်-၁၉ ရောဂါကာလတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့်အညီ သင်တန်းသား(၃၀)ဦးဖြင့် ဖွင့်လှစ်ခဲ့ပြီး ဒီဇင်ဘာလ(၅)ရက်နေ့မှ စတင်၍ တစ်ပတ်လျှင်(၂)ရက်မျှ သင်ကြားပြီး သင်တန်း ကာလမှာ (၃)ပတ် ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး၊ ယခုဖွင့်လှစ်သော အခြေခံသင်တန်းကို တက်ရောက် သူသည် ရှေးဦးပြုစုခြင်း အခြေခံသင်တန်းကို (၂)ကြိမ် တက်ရောက်ထားသည့် မြို့နယ် ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ တက်ရောက် ရပြီး ၎င်းတို့အနေဖြင့် သာမန်မွမ်းမံ သင်တန်း၊ နည်းပြသင်တန်းတို့ကို ဆက်လက်တက်ရောက်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)