ကန့်ဘလူ ဒီဇင်ဘာ ၂၇
တစ်နိုင်ငံလုံးတွင် ကိုဗစ်-၁၉ကာလ စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ စီးပွားဖြစ်မျိုးသန့်မျိုး စေ့ထုတ်လုပ်ခြင်းများကို ဆောင်ရွက် လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်တွင် ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီး ရိုက်ခတ်မှုကြောင့် တောင်သူလယ်သမားများ၏ လူမှုစီးပွား ဘဝများ ကုစားနိုင်ရန်အတွက် စိုက်ပျိုးရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွးရေးကုစားမှု အစီအစဉ် CERP အရ မျိုးစေ့ ထုတ်ကွက်များကို ဆောင်ရွက်လျက်ရှိခဲ့ရာ ယခုအခါစတင် ရိတ်သိမ်းနေပြီဖြစ်ကြောင်း သိရသည်။
ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် မျိုးစေ့ထုတ်ကွက် ၈၇၀၊ မျိုးစေ့အနေဖြင့် ပေါ်ဆန်းရင် ဧက ၅၀၀၊ ဧရာမင်း ဧက ၃၀၀၊ဆင်းသုခ ဧက ၇၀ စိုက်ပျိုးထားပြီး ကျွန်းလှမြို့နယ်တွင် မျိုးစေ့ထုတ်ကွက် ၃၃၀၊ မျိုးအနေဖြင့် ဧရာမင်း ၂၈၅ ဧက၊ မနောသုခ ၄၅ ဧက စုစုပေါင်း ၃၃၀ ဧကစိုက်ပျိုးပြီးဖြစ်သည်။
ကန့်ဘလူခရိုင် အနေဖြင့် ပေါ်ဆန်းရင် ၅၀၀ ဧက၊ ဧရာမင်း ၅၈၅ ဧက၊ ဆင်းသုခ ၇၀ ဧက၊ မနောသုခ ၄၅ ဧက စုစုပေါင်း ၁၂၀၀ ဧကကို မျိုးသန့်ခြံများမှ မျိုးစေ့များရယူ စိုက်ပျိုးထားခြင်းဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှသိရသည်။
CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသည့် တောင်သူများအား အရည်အသွေးကောင်းမျိုးဖြစ်သည့် ဧရာမင်း၊ ပေါ်ဆန်းရင်မျိုးများ စိုက်ပျိုးသူ တောင်သူများကို တစ်ဧကလျှင် ငွေကျပ် ၁၅၀၅၀၀ ဖြင့် ဧက ၁၀၈၅ အတွက် ထောက်ပံငွေ သိန်းပေါင်း ၁၆၃၃ သိန်း၊ အထွက်ကောင်းမျိုး ဖြစ်သည့် မနောသုခ၊ ဆင်းသုခ မျိုးများအတွက် တစ်ဧကလျှင်ငွေကျပ် ၁၄၈၅၀၀ ဖြင့် ဧက ၁၁၅ အတွက် သိန်းပေါင်း ၁၇၀ သိန်း စုစုပေါင်း ၁၂၀၀ ဧကအတွက်ငွေကျပ်သိန်းပေါင်း ၁၈၀၃ သိန်းကျော် ငွေကြေးထောက်ပံ့ပေးခဲ့ပြီး ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှ ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်မာမာဝင်းထံမှ သိရသည်။
ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီး ရိုက်ခတ်မှုကြောင့် လယ်ယာကဏ္ဍအပေါ် အကျိုးသက်ရောက်လာနိုင်မှုကို ကာကွယ်တုန့်ပြန်သည့် အနေဖြင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးမှာ တစ်ဧကအထွက်တိုးရန် အဓိကလိုအပ်ချက်ဖြစ်သော မျိုးကောင်းမျိုးသန့် မျိုးစေ့များရရှိရန် ရည်ရွယ်စိုက်ပျိုး ထုတ်လုပ်ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ CERP အစီအစဉ်အရ မျိုးစေ့ထုတ်ကွက် စိုက်ပျိုးသူတောင်သူများ ငွေကြေးထောက်ပံ့မှုရရှိသည့် မျိုးစေ့ထုတ် တောင်သူများသည် မျိုးစေ့ထုတ်ကွက်များကို ခြောက်တန်း တစ်တန်းလပ် စိုက်ပျိုးခြင်း၊ အပင်စတင်စိုက်ပျိုးသည်မှ ရိတ်သိမ်းချိန်ထိ မျိုးထုတ်ကွက်များ အဓိကအရေးကြီးဆုံး အချက်ဖြစ်သည့် မျိုးကွဲပယ်ခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်း လုပ်ငန်းများကို ပင်ပွားခွဲချိန်၊ ပန်းပွင့်ချိန်၊ ရင့်မှည့်ချိန်တို့တွင် အချိန်နှင့်တပြေးညီ လုပ်ဆောင်ရန်လိုအပ်သည်။
ရိတ်သိမ်းချိန်ဆိုပါက မျိုးလျော့မှုမရှိစေရန်အတွက် မျိုးစေ့များကို ရိတ်သိမ်းခြွေလှေ့စက်များဖြင့် သန့်စင်ခြင်း၊ မျိုးစေ့သန့်စင် စက်များဖြင့် သန့်စင်ခြင်းလုပ်ငန်းများ၊ သိုလှောင်ထုတ်ပိုးခြင်း လုပ်ငန်းများကို စိုက်ပျိုးရေး ပညာရှင်များက ကွင်းဆင်းပညာပေးကာ နည်းပညာများအတိုင်း လိုက်နာ ကျင့်သုံးရန် လိုအပ်သည်။
ထိုသို့ နည်းပညာများကို ညွှန်ကြားသည့်အတိုင်း စနစ်တကျ လိုက်နာကျင့်သုံးမှသာလျှင် ထွက်ရှိလာသည့် မျိုးများမှာ သတ်မှတ် စံချိန်စံညွှန်း နှင့် ကိုက်ညီသည့် အရည်အသွေးကောင်း မျိုးစေ့များ ရရှိမှာဖြစ်ကြောင်း သိရသည်။
ထိုသို့ ထွက်ရှိလာသည့် မျိုးကောင်းမျိုးသန့်များကို တောင်သူအချင်းချင်း ဖလှယ်ခြင်းအားဖြင့် လည်းကောင်း၊ ရောင်းချခြင်းအားဖြင့် လည်းကောင်း ဖြန့်ဖြူးရောင်းချ သွားရန်ဖြစ်သည်။ ကိုဗစ်-၁၉ ကာလအတွင်း တောင်သူလယ်သမားများ၏ မျိုးစေ့ထုတ်ကွက်များ စိုက်ပျိုးခြင်းဖြင့် တစ်ဧက အထွက်နှုန်း တိုးတက်လာပြီး စီးပွးရေးထိခိုက်မှုမရှိဘဲ ဝင်ငွေပိုမိုရရှိလာစေမည်ဖြစ်သည်။
ထို့ပြင် နည်းပညာတွေလည်း တိုးတက်လာစေပြီး မျိုးကောင်းမျိုးသန့်တွေလဲ ကျယ်ကျယ်ပြန့်ပြန့် ပြောင်းလဲသုံးစွဲ လာနိုင်စေသည်။ တောင်သူများလိုအပ်သည့် မျိုးစေ့ပမာဏကို လိုအပ်သည့်အချိန်တွင် အလွယ်တကူ ရယူစိုက်ပျိုးရန် ရည်ရွယ်ပြီး မျိုးစေ့ထုတ် လုပ်ငန်းကို ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)