ကော့ကရိတ် ဒီဇင်ဘာ ၂၇
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက် နေသော လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်း နဘူးနှစ်ခြား ကျေးရွာအုပ်စု၊ မွန်စုကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းဖွင့်ပွဲကို ကျေးရွာ ကော်မတီ ဝင်များ ဦးဆောင်၍ ယနေ့နံနက် ၈ နာရီ ချိန်တွင် ပြုလုပ်ကျင်းပခဲ့သည်။
အခမ်းအနားတွင် လူထုဗဟိုပြုစီမံကိန်း နည်းပညာအကြံပေးအဖွဲ့မှ ကျားမရေးရာတာဝန်ခံ စောကစ်ဆင်ဂျာလင်း၊ လက်ထောက်ဝယ်ယူရေး တာဝန်ခံ ဒေါ်အေးသူလွှင်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်ကျော်၊ ကျေးရွာဥက္ကဋ္ဌ ဦးနိုင်တင်လှတို့မှ အမွှေးနံ့သာများ ပတ်ဖြန်း၍ ဖဲကြိုး ဖြတ် ဖွင့်လစ်ပေးခဲ့သည်။
အဆိုပါ ရွာတွင်းကွန်ကရစ်လမ်းမှာ စီမံကိန်းရန်ပုံငွေကျပ် (၂၀၃)သိန်းနှင့် လူထုထည့်ဝင်ငွေကျပ် (၇၆)သိန်းတို့ဖြင့် ဆောင်ရွက်ခဲ့ပြီး အတိုင်းအတာ အားဖြင့် အရှည် ၂၀၂၀ ပေ x အကျယ် ၁၂ ပေ နှင့် အထူ ၆ လက်မဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ ထိုလမ်း ဖြစ်မြောက်ရေး နည်းပညာ အကူအညီများအားဖြင့် လူထုဗဟိုပြု စီမံကိန်းမှ လက်ထောက်နည်းပညာမှူး ဒေါ်နန်းနွယ်ဇင်ဦး၊ လူထုစည်းရုံးရေးမှူး နော်ချယ်ရီဦး တို့မှ အနီးကပ်ကြီးကြပ်မှု၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်နည်းပညာ အကြံပေးအဖွဲ့ တို့၏ စနစ်တကျလမ်းညွန်မှု၊ ရပ်ရွာပြည်သူ လူထုတို့၏ ပူးပေါင်းပါဝင်မှုများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်သောကြောင့် မွန်စုကျေးရွာမှ အိမ်ထောင်စု(၈၈)စု လူဦးရေ (၅၆၄)ဦးတို့အတွက် နှစ်စဉ် ကြုံတွေ့နေရသော မိုးရာသီ လမ်းပမ်းဆက်သွယ်ရေး ခက်ခဲခြင်းမှ ကင်းဝေးလျက် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများအတွက် သွား/လာရေး လွယ်ကူ အဆင်ပြေလာပြီး ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)